Preview

ကျောက်ဖြူ အမှတ်(၃၂)ရဲတပ်ရင်းအနီးကစစ်ကောင်စီတပ်စွဲထားသည့် နှမ်းဖဲတောင်ရွာကို AAထိန်းချုပ်

သဉ္ဇာနွယ် | မေ ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :4832
ရခိုင် သတင်း

(တိုက်ပွဲများဆက်လက်ပြင်းထန်နေ)

နိရဉ္စရာ၊ မေ ၂၉/၂၀၂၅

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် တရုတ်စီမံကိန်းကြီးများရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှအမှတ်(၃၂)တိုက်ခိုက်ရေး ရဲတပ်ရင်းအနီးရှိ နှမ်းဖဲတောင်ရွာကိုစစ်ကောင်စီတပ်က စွန့်လွှတ်လိုက်ပြီးနောက် အာရက္ခတပ်တော် (AA)ကထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" အမှတ်(၃၂)ရဲတပ်ရင်းနဲ့နီးနီးကပ်ကပ်မှာတိုက်ပွဲဖြစ်နေတာ တစ်ပတ်လောက်ရှိပြီ။ အဓိက နှမ်းဖဲတောင်နဲ့ပြိုင်းစေ့ကေကြားမှာဖြစ်နေတာ။ နှမ်းဖဲတောင်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကိုတော့ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ AAကထိန်းချုပ်လိုက်ပြီလို့သိရတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ် နှမ်းဖဲတောင်ရွာကို  ယခုရက်ပိုင်းအတွင်းအာရက္ခတပ်တော်(AA)မှ ထိန်းချုပ်ထားပြီဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

“တိုက်ပွဲတွေက အရမ်းပြင်းနေတယ်။ လေယာဉ်က ပစ်သံ၊ ဒရုန်းနဲ့ ပစ်သံတွေဆူညံနေတယ်။ နေဗီကလည်း လက်နက်ကြီးနဲ့ပစ်တယ်။ အေအေကလည်းနောက်မဆုတ်ဘူး။ ပြန်တိုက်တယ်။ အခုနှမ်းဖဲတောင်ကို အေအေက ရသွားပြီလို့ကြားရတယ်” ဟု သူမက ပြောသည်။

စစ်ကောင်စီဖက်မှရဲတပ်ရင်းအနီးရှိ ပြိုင်းစေ့ကေ့ရွာနှင့် ရဲတပ်ရင်းဖက်သို့နောက်ဆုတ်နေကြပြီး လက်ရှိတွင် ရဲတပ်ရင်းနှင့်အနီးဆုံးဖြစ်သည့်ပြိုင်းစေ့ကေရွာအနီးတွင် စစ်ကောင်စီနှင့်(AA)တို့တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု ကျောက်ဖြူမြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ပြိုင်းစေ့ကေရွာမှာရှိတဲ့စစ်ကောင်စီနဲ့နောက်ဆုတ်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကို AAကဆက်တိုက်နေလို့ တိုက်ပွဲပြင်းနေတယ်။စစ်ကောင်စီဖက်က ဒရုန်းတွေနဲ့ပစ်ကူတယ်" ဟု ပြောသည်။

ပြိုင်းစေ့ကေ့ရွာကိုAA ထိန်းချုပ်နိုင်ပါက အမှတ်(၃၂)ရဲတပ်ရင်းသို့  အာရက္ခတပ်တော်(AA)၏ထိုးစစ်ရောက်ရှိနိုင်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

" နှမ်းဖဲတောင်ကိုတော့ထိန်းချုပ်ထားပြီး။ပြိုင်းစေ့ကေ့သာဒီရက်ပိုင်းပြတ်ခဲ့ရင် ရဲတပ်ရင်းကို AAရောက်ပြီ။  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမြို့ထဲဖက်ကိုလည်း ထွက်ပြေးတာတွေရှိနေတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြိုင်းစေ့ကေ့ရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ဘုရားပေါ်တွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်းအာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီအကြား ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ကျောက်ဖြူမြို့မှ (၆) မိုင်လောက်သာ ကွာဝေးတော့သည့် အမှတ် (၃၂)တိုက်ခိုက်ရေးရဲတပ်ရင်းအနီးသို့ ရောက်ရှိ လာနေသည်မှာ မေလ ၂၆ရက်နေ့မှစ၍ ပြင်းထန် နေခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မေလ ၂၀ရက်နေ့ကလည်း ဂုံးချွိန်တိုက်နယ်ရှိ မင်းတက်တောင်ကာကင်းစခန်းနှင့် စက်မှုလက်မှုသင်တန်းကျောင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းများကို  အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမင်းတက်တောင်နှင့်စက်မှုလက်မှုသင်တန်းကျောင်းမှ ဆုတ်ခွာထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားများသည် အမှတ်(၃၂)ရဲတပ်ရင်းအနီးကနှမ်းဖဲတောင်နှင့်ပြိုင်းစေ့ကေ့ရွာသို့ နောက်ဆုတ်သွားခဲ့ကြပြီး AAနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ 

#စစ်ရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.