တပ်မ(၁၁) ၊ခြေမြန်တပ်ရင်းဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်မျိုးအောင်လည်း တိုက်ပွဲတွင်သေဆုံး
နိရဉ္ဇရာ၊ မေ ၃၁/ ၂၀၂၅
ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးအပါအဝင် စစ်သုံ့ပန်းအမြောက်အမြားကို အာရက္ခတပ်တော်(AA) က လက်ရဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူ ဒုတိယဗိုလ်မှူးကြီးမှာ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ - ကြည်း/၃၇၅၃၂ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်ဖြစ်သည်။
၎င်းနှင့်အတူ စစ်သုံ့ပန်းအများအပြားကိုလည်း လက်ရဖမ်းမိခဲ့သည်ဟု ကျောက်ဖြူမြို့နယ်မှ AAနှင့် နီးစပ်သည့် မျက်မြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
“ ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ အာရက္ခတပ်တော်အပေါ် ကြောက်လန့်တကြား ဝရုန်းသုန်းကား ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ မေ ၃၀ ရက်နေ့ နေ့ခင်းပိုင်းက ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင်အပါအဝင် စစ်သုံ့ပန်း အမြောက်အမြားကို အာရက္ခတပ်တော်က လက်ရဖမ်းဆီးရမိခဲ့ပါတယ်” ဟု ပြောသည်။
၎င်းတိုက်ပွဲနှင့် ပတ်သက်ပြီးလည်း ၎င်းက ယခုလို ပြောဆိုသည်။
" စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ကျောက်ဖြူမှာ တိုက်ပွဲတွေ နေ့တိုင်းလိုလို ရှိနေပါတယ်။ တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်တွေ အရှုံးနဲ့ရင်ဆိုင်နေကြရတာပါ။ မနေ့က မေ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာမြောက်ဘက်မီတာ(၆၀၀)ခန့်အကွာရှိ စက်မှု၊ လက်မှုသင်တန်းကျောင်းအတွင်းအခြေပြုထားတဲ့ စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း ကျော်လင်းကြိုင်အပါအဝင် စစ်သုံ့ပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူ အာရက္ခတပ်တော်က လက်ရဖမ်းဆီးရမိခဲ့ပါတယ်"ဟု ပြောသည်။
ယခင်နေ့ရက်ကျောက်ဖြူတိုက်ပွဲများအတွင်းတွင်လည်း တပ်မ(၁၁)၊ ခြေမြန်တပ်ရင်းဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နှင့် အလုပ်သင်ဗိုလ်တစ်ဦးကိုလည်း အာရက္ခတပ်တော် စနိုက်ဘာတပ်ဖွဲ့မှ ရှင်းလင်းနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်အလောင်းအား အထူးလေယာဉ်ဖြင့် ကျောက်ဖြူမှ ရန်ကုန်သို့ ယူဆောင်သွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
၎င်းဗျူဟာမှူးအလောင်းအား စစ်ကောင်စီက ပြန်လည် ရရှိသွားခဲ့သော်လည်း ကျန်ရှိနေသည့် စစ်ကောင်စီအလောင်း ၃၀ ကျော်နှင့်လက်နက်ခဲယမ်းအချို့ ကိုလည်း အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ကျောက်ဖြူတွင် ဖြစ်ပွားနေသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာမှ အာရက္ခတပ်တော်၏ ပြန်လည်ခုခံတိုက်ခိုက်မှုများကြောင့် ယခုလို စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြားနေရသည်ဟု ဆိုသည်။
"ကျောက်ဖြူမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကို ပြန်ကြည့်ရင် အေအေက ထိုးစစ်ဆင်တာမျိုးမတွေ့ရဘဲ စစ်ကောင်စီက စတင်ထိုးစစ်ဆင်ရာကနေ တိုက်ပွဲဖြစ်တာပဲ တွေ့နေရတယ်။ အေအေကတော့ ခံစစ်နဲ့ပဲ ရင်ဆိုင်နေတာ။အသေအချာပြင်ဆင်ပြီး ပြန်တိုက်တော့ စစ်ကောင်စီ တပ်ဘက်က အကျအဆုံး အထိအခိုက်များရပြားရတာပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ ဖြစ်ပွားနေသည့်စစ်ကောင်စီနှင့်အာရက္ခတပ်တော်အကြား တိုက်ပွဲများသည် တရုတ်ဂတ်စ်ပိုက်လိုင်းများနှင့် မီတာ (၆၀၀၀) ကျော်ကွာဝေးသည်ဟုလည်း ၎င်းက စစ်ရေးရင်းမြစ်က ပြေဆိုသည်။
၎င်းပြင် ကစဉ့်ကလျား ထွက်ပြေးလွတ်မြောက်နေသည့်စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်က နေ့စဉ်နှင့်အမျှ ဖမ်းဆီးရမိနေသည်ဟုလည်း နောက်ထပ်ဒေသအတွင်းက စစ်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်နေသူ နိုင်ငံရေးသမားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
“ကျောက်ဖြူတိုက်ပွဲတွေအတွင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေက မြေပြင်တပ်ဖွဲ့ဝင်တွေကိုစစ်တိုက်ဖို့ အတင်းအဓမ္မအမိန့်ပေးစေခိုင်းနေပေမဲ့ လက်ရှိပကတိ မြေပြင်မှာတော့ တပ်ရင်းအလိုက် စိတ်ဓာတ်ပျက်ပြားပြီး တိုက်လိုခိုက်လိုစိတ်မရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ထံသို့ ယခုရက်ပိုင်းအတွင်း လက်နက်ဖြင့်၊ လက်နက်မဲ့၊ အလံဖြူထောင်ကာ ဆက်တိုက် အလင်းဝင်နေကြတယ်လို့လည်း သိရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် အာရက္ခတပ်တော်က ကမ်းလှမ်ထားသည့်အတိုင်း အလံဖြူထောင် လက်နက်ချခြင်းဖြင့် အသက်ချမ်းသာရာရပြီး မိသားစုများနှင့် စောစော တွေ့ဆုံနိုင်သည်ဟု ၎င်းက ပြောဆိုသည်။
“ လက်နက်ချအညံ့ခံတဲ့ စစ်သားတွေနဲ့ ကျွန်တော်သွားတွေ့တော့ သူတို့က သူတို့ရဲ့ လုက်ဖော်ကိုင်ဘက်စစ်သားတွေကိုအကြံပြုပေးပါလို့ ပြောဆိုပါတယ်။ အာရက္ခတပ်တော်မှ ထုတ်ပြန်ထားတဲ့ "အလံဖြူထောင်၊ လက်နက်ချ" မူဝါဒအတိုင်းကျောက်ဖြူမြို့ပတ်ဝန်းကျင်မှာထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ “ စောစော အလံဖြူထောင်ရင် စောစော အသက် ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်။ ဒါကြောင့် အသေခံပြီးတိုက်မနေနဲ့။ လက်နက်ချကြဖို့ ပြောလိုက်ပါတယ်” ဟု ပြောဆိုသည်။
အာရက္ခတပ်တော်ကလည်း လက်နက်ဖြင့် အလင်းဝင်လာသူများကို စစ်သုံ့ပန်းဥပဒေအတိုင်း အကောင်းမွန်ဆုံး လက်ခံပေးနေသကဲ့သို့ ထိုက်တန်သည့် ဆုငွေများလည်းပေးအပ်ကာ မိသားစုဆွေမျိုးများထံသို့ လွှဲပြောင်းမှုများကိုလည်း ယခင်ကဲ့သို့ ဆက်လက် လုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။
ပုံစာ- ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်/ဓာတ်ပုံ- နိရဉ္စရာ