Preview

ရန်ကုန်တွင် အိမ်ခန်းငှားရမ်းခများ ဈေးနှုန်းမြင့်တက်လာ၍ ရခိုင်စစ်ဘေးရှောင်များ အခက်ကြုံနေရ

ဂျက်စတင်သာအေး | မေ ၃၁/ ၂၀၂၅ | ကြည့်ရှုသူ :1750
ရခိုင် သတင်း

ဂျင်စတင်သာအေး၊ နိရဉ္စရာ၊ မေ ၃၁/၂၀၂၅

ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များတွင် အိမ်ခန်းငှားခဈေးနှုန်းများ အဆမတန်မြင့်တက်လာသည့်အတွက် ရခိုင်စစ်ဘေးရှောင်အများအပြားသည် နေထိုင်ရေး အခက်ကြုံနေကြရသည်ဟု ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်ကဆိုလျှင် ရန်ကုန်တွင် တိုက်ခန်းတစ်ခန်းငှားရမ်းခမှာ တစ်လလျှင် ကျပ်နှစ်သိန်းခွဲ၊ သုံးသိန်းခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်ငါးသိန်းခန့်အထိ မြင့်တက်နေသည့်အတွက် ရပ်တည်ရေးပိုမိုခက်ခဲလာနေကြသည်ဟု ပြောကြသည်။

ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်လာသည့် ရခိုင်အမျိုးသားတစ်ဦးက “အခုက တခြားနေရာတွေကလည်း စစ်ဘေးရှောင်တွေများလာတော့ အိမ်ခန်းငှားခတွေ ဈေးတက်လာတယ်။ ငါးသိန်းလောက်အထိ မြင့်တက်လာတော့ အခက်ခဲရှိတယ်။ ရန်ကုန်မှာ အိမ်ခန်းငှားနေရတာက နည်းနည်းကြီးကျယ်တယ်။ တချို့အိမ်ရှင်တွေဆိုရင် မိသားစုများရင်လည်း မငှားဘူး။ ဈေးပိုတောင်းတာတွေရှိတယ်။ အလုပ်အကိုင်တွေလည်းအဆင်မပြေတော့ အခက်အခဲရှိကြတယ်” ဟု နိဉ္စရာကို ပြောဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အိမ်ခြံမြေဈေးကွက်ကို အိမ်ပွဲစားများက အိမ်ပိုင်ရှင်များနှင့်ပူးပေါင်းချုပ်ကိုင်ထားပြီး သူတို့စိတ်ကြိုက် ဈေးနှုန်းမြှင့်တင်မှုများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်မှ ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ရပြီး တချို့မှာ ရန်ကုန်၊ မန္တလေးစသည့် ပြည်မဘက်ရှိ မြို့များသို့ စစ်ဘေးရှောင်ခဲ့ကြသည်။

ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင်များတွင် ငွေကြေးတတ်နိုင်များပါဝင်သလို ငွေကြေးမတတ်နိုင်သူများလည်း အများအပြားရှိသည်။

အချို့ ရခိုင်စစ်ရှောင်များသည် အိမ်ဆိုင်၊ လမ်းဘေးဆိုင်များ ဖွင့်လှစ်ပြီး ရခိုင်အစားအစာများရောင်းချကြသလို အချို့မှာ လှိုင်သာယာ၊ ရွှေပြည်သာစသည့်မြို့နယ်များရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ကြသည်။

ရခိုင်စစ်ဘေးရှောင်များအနေဖြင့် လက်ရှိရန်ကုန်မြို့တွင် အိမ်ခန်းငှားရမ်းခဈေးမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် လုံခြုံရေးအရ စိုးရိမ်စရာများဖြစ်နေသော်လည်း စစ်ကောင်စီက ကုန်းလမ်းနှင့် ရေလမ်းတို့ကို ပိတ်ထားသည့်အတွက် မိမိနေရပ် ရခိုင်သို့ပြန်ရန်လည်း အခက်အခဲဖြစ်နေကြသည်ဟု ပြောဆိုကြသည်။

တောင်ကုတ်မြို့နယ်မှ ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “သမီးအကြီးက အထည်ချုပ်စက်ရုံမှာလုပ်တယ်။ အဒေါ်က ရခိုင်မုန့်တီရောင်းတယ်။ အမျိုးသားက ကျန်းမာရေးမကောင်းတော့ အလုပ်မလုပ်နိုင်တော့ဘူး။ နောက်ထပ်ကလေးနှစ်ယောက် ကျောင်းတက်တယ်ဆိုတော့ သားမိနှစ်ယောက်လုပ်အားနဲ့ တစ်လတစ်လ မလောက်ဘူး။ အလုပ်တွေလည်း အဆင်မပြေဘူး။ ရခိုင်ပြန်မယ်ဆိုလည်း ကျောက်ဖြူဘက်က ပြန်ရင် လူတစ်ယောက် သိန်း ၂၀ ကျော်လောက်ကုန်တယ်လို့ ပြောကြတယ်။ ရခိုင်ကိုလည်း အလွယ်တကူပြန်လို့မရတဲ့ အခြေအနေဆိုတော့ ဒီမှာပဲရုန်းကန်နေရတာပေါ့” ဟု ပြောဆိုသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်က အဓမ္မစစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲခြင်းများ၊ လမ်းသွားလမ်းလာများအား ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများထဲတွင် စစ်ဘေးရှောင်ရခိုင် လူငယ်၊ လူရွယ် အများအပြားလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်ရှိ စစ်ရှောင်ရခိုင်လူငယ်များနှင့် လူလတ်ပိုင်းအရွယ်များဆိုလျှင် စစ်ကောင်စီ၏ရန်စွယ် မကျရောက်စေရန် အထူးသတိထား သွားလာနေထိုင်နေကြရသည်ဟုလည်း ဆိုကြသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်၊ ညကလည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သံဒင်းဈေးအနီးရှိအဆောင်တစ်ခုသို့ဝင်ရောက်ပြီး မရမာကြီး လူငယ်နှစ်ဦးနှင့် နောက်ထပ်အဆောင်နေ ဗမာလူငယ်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရွှေပြည်သာမြို့နယ်မှ ရခိုင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောဆိုထားသည်။

ဖမ်းဆီးခံရသည့် မရမာကြီးလူငယ်နှစ်ဦးမှာ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ဇာတိဖြစ်ပြီး ရန်ကုန်တွင် အလုပ်လုပ်ကာ နေထိုင်သူဖြစ်သည်။

နောက်ထပ်လူငယ်သုံးဦးမှာ နယ်မှ အလုပ်လာလုပ်သည့် ဗမာလူငယ်များဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုံခြုံရေးအခြေအနေအပါအဝင် အဘက်ဘက်မှ အခက်အခဲအကျပ်အတည်းများဖြင့်ကြုံလာရသည့်အတွက် ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင်အချို့သည် ယခုနောက်ပိုင်း မိမိတို့၏ နေရပ် ရခိုင်ပြည်သို့ ရသည့်လမ်းကြောင်းဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ပြန်လာနေသည်ဟု သိရသည်။

နေရပ်ပြန်လာရာတွင်လည်း လမ်းခုလတ်ရှိ စစ်ကောင်စီဂိတ်စခန်းများတွင် ဖမ်းဆီးခံလိုက်ရသူများလည်း ရှိနေပြီး မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု သိရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.