(လူတစ်ဦး ရေနစ်မြုပ် ပျောက်ဆုံးနေ)
မောင်စာဂ၊ နိရဉ္စရာ၊ မေ ၃၁/ ၂၀၂၅
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ချင်းလက်ဝချောင်းအတွင်းတွင် ကုန်အပြည့်တင်လာသည့်စက်လှေ ၁ဝ စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးလည်း ရေနစ်မြုပ်ပျောက်ဆုံးနေသည်ဟု သိရသည်။
ယမန်နေ့ မေလ ၃ဝ ရက်၊ နေ့လယ်တွင် အဆိုပါချောင်းအတွင်း ရေစီးပြင်းပြီး လှိုင်းကြီးသည့်အတွက် အဆိုပါစက်လှေများ နစ်မြုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။
အဆိုပါနစ်မြုပ်မှုအတွင်း ပလက်ဝမြို့၊ ရွာမရပ်ကွက်မှ ကိုမြတ်လေး (၃ဝ)နှစ်သည် ရေနစ်မြုပ်ပျောက်ဆုံးနေသည်ဟုလည်း သိရသည်။
ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၏ မြောက်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ်၏အရှိန်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများအတွင်း လှိုင်းလေပြင်းထန်လျက်ရှိနေသည်။
ဒေသခံတစ်ဦးက “မိုးရာသီဆိုတော့ ရေကြောင်းနဲ့ပတ်သက်လို့ပေါ့နော်။ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ပလက်ဝလို့တော့ မဟုတ်ဘူး။ ရခိုင်ပြည်မှာရှိတဲ့။ ကျနော်တို့ ရခိုင်ဒေသတွေမှာက ရေလုပ်ငန်းတွေများတယ်။ နောက်ပြီး မုန်တိုင်းဒဏ်တွေကိုလည်း ခံနေရတဲ့ဆိုတော့ နှစ်စဉ်နှစ်တိုင်း ကြုံနေရတယ်။ အခုလက်ရှိလည်း ပလက်ဝဘက်တွေမှာ စက်လှေတွေမြုပ်ကြတယ်ဆိုတော့ ကျနော်တို့ စိတ်မကောင်းလည်းဖြစ်မိပါတယ်။ အခု ပျောက်ဆုံးနေသူတစ်ယောက်အတွက်လည်း မိသားစုနဲ့အတူ အထူးစိတ်မကောင်းဖြစ်မိပါတယ်။ နောက်နောင်လည်း ဒီလိုမဖြစ်ရအောင် အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်”ဟု ပြောသည်။
အဆိုပါစက်လှေများနစ်မြုပ်မှုအတွင်း ပလက်ဝမြို့နယ်အတွင်းရှိ AA ၏ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ကယ်ဆယ်ပေးခဲ့မှုကြောင့် အခြားကုန်သည်များမှာ အသက်ဘေးမှလွတ်မြောက်ခဲ့ရသည်ဟု သိရသည်။
ပျောက်ဆုံးနေသည့် ကိုမြတ်လေးကိုလည်း AA ၏ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေလျက်ရှိသည်ဟု သိရသည်။
အဆိုပါစက်လှေများတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ဝယ်ယူလာသည့် ဆီပေပါများ၊ ဆိုလာ၊ ဘတ်ထရီအိုးများနှင့် အခြားကုန်ပစ္စည်းများလည်း ပါဝင်သည်ဟု သိရသည်။
စက်လှေများနစ်မြုပ်မှုကြောင့် ကုန်ပစ္စည်းတန်ဖိုး သိန်းနှင့်ချီပြီး ပျက်စီးဆုံးရှုံးမှုရှိနိုင်သည်ဟုလည်း ကုန်သည်များက ခန့်မှန်းကြသည်။
အဆိုပါစက်လှေများသည် မည်သည့်ဒေသမှ စက်လှေများဖြစ်ကြသည်ကို မသိရသေးပါ။
ယခုလို မိုးတွင်းကာလဆိုလျှင် မီဇိုရမ်မှတဆင့် ရခိုင်သို့ ကုန်သွယ်ကြရာတွင် တောင်ပေါ်လမ်းများ ဆိုးဝါးသလို ရေလမ်းခရီးလည်း ခက်ခဲကြမ်းတမ်းတတ်သည့်အတွက် ဂရုစိုက်သွားလာကြရန်လိုသည်ဟုလည်း ကုန်သည်များက ပြောဆိုကြသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။