Preview

အမ်း-ပဒါန်းလမ်းပေါ် MPT တာဝါတိုင်ကုန်းအနီးရှိ စစ်ကောင်စီကာကင်းစခန်းများအားလုံးကို AA သိမ်းပိုက်

သဉ္ဇာနွယ် | မေ ၃၁/ ၂၀၂၅ | ကြည့်ရှုသူ :4546
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၃၁/၂၀၂၅

ရခိုင်ပြည်၊ အမ်းရိုးပေါ်ရှိ အမ်း-ပဒါန်းလမ်းပေါ်မှ နတ်ရေကန်တောကြောတွင်ရှိသည့် MPT တာဝါတိုင်ကုန်းအနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်းများအားလုံးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိ အမ်းမြို့နယ်အပိုင် နတ်ရေကန်တောကြောရှိ MPT တာဝါတိုင်ကုန်းဘေးပတ်ဝန်းကျင်ရှိ ကာကင်းစခန်းအားလုံးကို မေလ ၂၉ ရက်တွင် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"MPT တာဝါတိုင်စခန်းကုန်းပတ်ဝန်ကျင်က ကာကင်းစခန်းတွေ တစ်ခုမှမရှိတော့ဘူး။ သူတို့က ကာကင်းစခန်းအကြီးဆောက်ထားတာတော့ မဟုတ်ဘူး။ ကျင်းတွေတူးပြီး ဟိုနေရာတစ်အုပ်စု၊ ဒီနေရာတစ်အုပ်စု ပတ်ပတ်လည် နေကြတာ။ အခု တစ်ယောက်မှမရှိတော့ဘူး။ မိုးကလည်း တအားရွာနေတာ" ဟုပြောသည်။

အဆိုပါ ကာကင်းစခန်းတွင်နေထိုင်သည့် တပ်မ(၉၉)ဦးဆောင်သော စစ်ကောင်စီတပ်သား ရာနှင့်ချီမှာလည်း တာဝါတိုင်ကုန်းပေါ်သို့ တက်ပြေးနောက်ဆုတ်သွားပြီး AA ကို လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်လျက်ရှိသည်ဟု အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားက နိရဉ္စရာကိုပြောသည်။

"တပ်မ (၉၉)ဦးဆောင်ပြီး AA ကိုထိုးစစ်ဆင်နေတာ။ ကာကင်းစခန်းမှာနေတယ်။ စစ်ကြောင်းထိုးတယ်။ တိုက်တယ်။ ဒါပေမယ့် တပ်ပြိုပြီးသာထွက်ပြေးရတယ်။ လောလောဆယ် အကုန်လုံး တာဝါတိုင်ကုန်းပေါ်မှာစုနေကြတယ်။ လက်နက်ကြီးကျည်တွေ၊ ဒရုန်းတွေနဲ့တော့ ပစ်နေတယ်။ ပြန်ပြီးဆင်းတိုက်တဲ့အနေအထားတော့ မရှိသေးဘူး" ဟု ပြောသည်။

MPT တာဝါတိုင်စခန်းကုန်းအနီးတွင် မေလ ၂၇ ရက်နေ့မှစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ယခုသိမ်းပိုက်ရရှိသည့်ကာကင်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီအလောင်း၊ လက်နက်တချို့ကို AA က သိမ်းဆည်းရမိထားပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိနေကြကြောင်း သိရသည်။

လက်ရှိတွင် နတ်ရေကန်တောင်ကြောပေါ်တွင် အမ်းမြို့နယ်အပိုင်၌ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာတပ်နှင့် MPT တာဝါတိုင်စခန်းကုန်း နှစ်ခုသာကျန်တော့ပြီး နောက်ထပ် ငဖဲမြို့နယ်အပိုင်တွင်ဆိုလျှင် ဂုတ်ကြီး၊ လင်းတဲ၊ စွန်တက်စသည့်နေရာများသာ ကျန်ရှိတော့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

နတ်ရေကန်တောင်ကြောကို ပဒါန်းမြို့ရှိ ဆုံကုန်းအမြောက်တပ်မှ လက်နက်ကြီးပစ်ကူပေးနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - AA Info Desk (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.