မောင်စာဂ၊ နိရဉ္စရာ၊ မေ ၃၁/၂ဝ၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း အထိနာနေသည့် အတွက် စစ်ကောင်စီ တာဝန်ရှိသူများသည် စစ်တွေရှိ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ဒဏ်ရာရစစ်သားများ သွားရောက်တွေဆုံပြီး စိတ်ဓာတ်မကျကြရန် အားပေးစကား ပြောဆိုခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာအနီးရှိ အမှတ်(၁၇) ခုတင် ၁ဝဝ စစ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည့် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ မေလ ၃ဝ ရက်၊ နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်ဟု စစ်ကောင်စီပိုင် MRTV ရုပ်သံတွင် ယနေ့ မေလ ၃ဝ ရက်တွင် ဖော်ပြသည်။
ယင်းသို့တွေ့ဆုံရာတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို အားပေးစကားပြောခဲ့သလို ငွေကြေးအချို့နှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။
အဆိုပါဒဏ်ရာရစစ်သားများသည် မည်သည့်နေရာ၊ မည်သည့်တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိပါ။
ယင်းနောက် ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေတပ်နယ်တွင် ပြုလုပ်ခဲ့သည့် အထူးနေ့လယ်စာစားပွဲသို့တက်ရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူတကွ နေ့လယ်စာစားသောက်ခဲ့ကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏မိသားစုဝင်များအားလည်း ချီးမြှင့်ငွေများပေးအပ်ခဲ့သည်ဟု MRTV ရုပ်သံအရ သိရသည်။
လက်ရှိတွင် စစ်တွေ၌ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီဘက်က AA ရှိနိုင်သည်ဟု ယူဆရသည့်နေရာများနှင့် AA ထိန်းချုပ်ထားသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များသို့ လက်နက်ကြီးကျည်များဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်တွင်ဆိုလျှင် စစ်ကောင်စီနှင့် AA တို့ လက်ရှိ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီဘက်က အထိနာလျက်ရှိသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။
ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်အပါအဝင် စစ်သုံ့ပန်းအမြောက်အမြားကိုလည်း AA က မေလ ၃ဝ ရက်တွင် ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာအနီးတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများနှင့်အတူ လက်ရဖမ်းမိထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် ကျောက်ဖြူတိုက်ပွဲများအတွင်းတွင်လည်း စစ်ကောင်စီ၏ တပ်မ(၁၁)၊ ခြေမြန်တပ်ရင်းဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နှင့် အလုပ်သင်ဗိုလ်တစ်ဦးကိုလည်း AA ၏ စနိုက်ဘာတပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ကျော်ကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ လက်ရဖမ်းမိခဲ့သည်ဟု သိရသည်။
လက်ရှိ ကျောက်ဖြူတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများသည် တရုတ်ဂတ်စ်ပိုက်လိုင်းများနှင့် မီတာ (၆၀၀၀) ကျော်ကွာဝေးတော့သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - MRTV
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။