Preview

ဗိုလ်မှူးချုပ်တစ်ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးတစ်ဦး အဖမ်းခံရပြီးနောက် ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်များဖရိုဖရဲဖြစ်နေ

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :5526
ရခိုင် သတင်း

(နောက်ထပ် ဒဏ်ရာရ ဒုရင်းမှူးတစ်ဦးနှင့် စစ်သား ၆ ဦးလည်း သေဆုံးသွားပြီဟုဆို)

နိရဉ္စရာ၊ မေလ ၃၁/ ၂၀၂၅

ရခိုင်ပြည် ကျောက်ဖြူမြို့အနီးဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်မမှူးအဆင့်ရှိသူ ဗိုလ်မှူးချုပ်တစ်ဦးတိုက်ပွဲတွင် သေဆုံးပြီး နောက်ထပ် ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ထံ ဖမ်းဆီးခံရသဖြင့် ကျောက်ဖြူမြို့ အခြေစိုက်တပ်ရင်များတွင် ထွက်ပြေးသူ၊ လက်နက် ချသူများဖြင့် ဖရိုဖရဲဖြစ်နေကြောင်း သတင်းရရှိသည်။  

ရန်ကုန်တိုင်း၊ အင်းတိုင်အခြေစိုက် အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင် မေလ ၂၆ ရက်နေ့က ကျောက်ဖြူ တိုက်ပွဲတွင်ကျသွားပြီ  နောက်ထပ် တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ - ကြည်း/၃၇၅၃၂ ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်လည်းတပ်ဖွဲ့ဝင် အချို့နှင့် အတူ မေလ ၃၀ ရက်နေ့ကအာရက္ခတပ်တော် (AA) ထံဖမ်းဆီးခံခဲ့ရသည်။

၎င်းပြင်လက်နက်ကြီးကျည်စထိမှန်ခဲ့၍ဆေးရုံသို့ပို့ဆောင်ခဲ့ရသည့်  ဒုတပ်ရင်းမှူးအဆင့် ဗိုလ်မှူးတစ်ဦးနှင့် နောက်ထပ် တပ်ဖွဲ့ဝင် ငါးဦးမှာလည်းဆေးရုံတွင်သေဆုံးသွားပြီဟုသတင်းများရရှိသည်။  

တရုတ်အစိုးရပိုင် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ (Power China) နားက စစ်ကောင်စီ ကာကင်းစခန်းကို မေ ၂၉ ရက်က အေအေက ဒရုန်းဖြင့်တိုက်ခဲ့သည့်ဖြစ်စဉ်တွင် မြန်မာစစ်တပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်းဘီဘီစီ (မြန်မာပိုင်း)က မေ ၃၀ ရက်နေ့ ထုတ်လွှင့်သည့် သတင်းတွင် ဖော်ပြထားသည်။

၎င်းပြင် စစ်ကောင်စီတပ်သား အများအပြားလည်း အလံဖြူထောင်၍ လက်နက်ချကာ တချို့စစ်သားများမှာလည်း ထွက်ပြေးနေကြသည်ဟု မြေပြင် စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။  

“ စစ်သားတွေ အကျအဆုံးများနဲ့ ထွက်ပြေးနေကြတယ်။ အလံဖြူထောင် လက်နက်ချသူတွေလည်း ရှိတယ်။ တရုတ်စစ်သားတွေတောင် လမ်းမရဘူး။ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။ တိုက်ပွဲက အရမ်းပြင်းနေပါတယ်”ဟု ၎င်းစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ထိုကဲ့သို့ အခြေအနေများကြောင့် စစ်ဖြူအခြေစိုက် တပ်ရင်းများတွင်လည်း တပ်တွင်း ဖရိုဖရဲဖြစ်ကာ တပ်ပျက်တော့မည့်အနေအထားသို့ ရောက်ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ စကစဘက်မှအကျဆုံးများလာတဲ့ အပြင် ထွက်ပြေးသူများလာတယ်။ အလံဖြူထောင်ပြီး လက်နက်ချသူတွေလည်း ရှိတယ်။ မြိုပေါ် အုပ်ချုပ်ရေး အသိုင်းဝိုင်းကိုပါ အကြီးကျယ်ဂယက်ရိုက်လျက်ရှိနေတယ်ဆိုတာလည်းမှန်ပါတယ်။အခုက တပ်တွင်းမှာ စိုးရိမ်ထိတ်လန့်မှုတွေ နဲ့ အတူ အကြီးအကျယ် ဖရိုဖရဲ ဖြစ်နေတယ်” ဟု ပြောသည်။

စစ်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်နေသူ​နိုင်ငံရေးသမားတစ်ဦးကလည်းစစ်သားများ ကစဉ့်ကလျား ထွက်ပြေးနေသည်မှာမှန်ကန်ပြီး စစ်ကောင်စီတပ်သားများကိုအာရက္ခတပ်တော်ကနေ့စဉ်နှင့်အမျှ ဖမ်းဆီးရမိနေသည်ဟုလည်းနိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။

“ကျောက်ဖြူတိုက်ပွဲတွေအတွင်းစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေက မြေပြင်တပ်ဖွဲ့ဝင်တွေကိုစစ်တိုက်ဖို့အတင်းအဓမ္မအမိန့်ပေးစေခိုင်းနေပေမဲ့ လက်ရှိပကတိမြေပြင်မှာတော့တပ်ရင်းအလိုက် စိတ်ဓာတ်ပျက်ပြားပြီးတိုက်လိုခိုက်လိုစိတ်မရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာAA ထံမှာယခုရက်ပိုင်းအတွင်း လက်နက်ဖြင့်၊လက်နက်မဲ့၊ အလံဖြူထောင်ကာ ဆက်တိုက် အလင်းဝင်နေကြတယ်လို့လည်း သိရပါတယ်” ဟုပြောသည်။

ကျောက်ဖြူတိုက်ပွဲကိုအဓိက ဦးဆောင်တိုက်ခိုက်နေသည့် အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင် တိုက်ပွဲတွင်ကျသွားပြီ  နောက်ထပ် တိုင်းစစ်ဦးစီးမှူးဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်လည်းလက်ရ ဖမ်းဆီးခံလိုက်ရသဖြင့် စစ်ကောင်စီတပ်တွင်းတွင် အထူးစိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်လျက်ရှိကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

#စစ်ရေး#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.