နိရဉ္စရာ၊ဇွန်၁/ ၂၀၂၅
အာရက္ခတပ်တော်(Arakan Army)အားကူညီရန်နှင့်နယ်စပ်လုံခြုံရေးကိုဆောင်ရွက်ရန်အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ခရိုင်နှစ်ခုဖြစ်သောကော့စ်ဘဇားခရိုင်( ရခိုင်အခေါ်ဖလောင်းချိတ်ခရိုင်) နှင့်ဘင်ဒရိုဘင်ခရိုင် (ရခိုင်အခေါ်ရွာတော်ခရိုင်) နှစ်ခုတို့အားစစ်ရေးစစ်ဆင်ရေးဇုန် (“Military Operations Zone/ MOZ” အဖြစ်သတ်မှတ်ရန်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကစီစဉ်နေကြောင်းအိန္ဒိယမီဒီယာများ၏ရေးသားချက် အပေါ် ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ပြည်သူ့ဆက်ဆံရေးဌာန(ISPR) ညွှန်ကြားရေးမှူးရုံးကငြင်းဆို ပယ်ချလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၎င်း၏အရှေ့တောင်ပိုင်းဒေသကော့စ်ဘဇားမှဘင်ဒရိုဘင်အထိကျယ်ပြန့်သောနယ်စပ်တစ်လျှောက်နယ်မြေများကိုစစ်ရေးစစ်ဆင်ရေးဇုန်အဖြစ်ကြေညာရန်ပြင်ဆင်နေသည်ဟုအိန္ဒိယမီဒီယာများကထုတ်ဝေသည့်သတင်းအပေါ် ISPR ကပြင်းပြင်းထန်ထန်ငြင်းဆိုပြီးအဆိုပါအစီရင်ခံစာသည်“လုံးဝမှားယွင်းသော၊အခြေအမြစ်မရှိသော၊ရည်ရွယ်ချက်ရှိရှိ” လုပ်ကြံဖန်တီးထားသောသတင်းအတုသာဖြစ်သည်ဟုISPR ဖော်ပြခဲ့သည်။
အိန္ဒိယအခြေစိုက်The Northeast News (NN) ကကော့ဘဇားကနေ ဘင်ဒရိုဘင်ဒေသအထိကျယ်ပြန့်သောနယ်မြေအများအပြားကို“စစ်တပ်စစ်ဆင်ရေးဇုန်” (MOZ) အဖြစ်သတ်မှတ်ပြီးဘင်္ဂလားဒေ့ရှ်တပ်မတော်မှအာရက္ခတပ်တော်အားပံ့ပိုးကူညီမည့်အစီအစဉ်များဆောင်ရွက်နေကြောင်း၊ထိုကဲ့သို့စစ်ဆင်ရေးဇုန်သတ်မှတ်ခြင်းဖြင့်AA အားပံ့ပိုးကူညီရန်လွယ်ကူချောမွေ့စေရုံသာမကလက်ရှိဖြစ်ပေါ်နေသောနယ်စပ်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုလည်းထိရောက်စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်းယုံကြည်စိတ်ချစွာလေ့လာသိရှိရပါသည်ဟုဆိုကာThe Northeast News မှမေလ၃၁ရက်နေ့ကရေးသားဖော်ပြခဲ့သည်။
ISPR သည်ဇွန်လ၁ရက်တနင်္ဂနွေနေ့ကဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းရှိ "စစ်တပ်စစ်ဆင်ရေးဇုန်" နှင့်ပတ်သက်ပြီးThe Northeast News ၏မှားယွင်းသောအစီရင်ခံစာကိုတုံ့ပြန်ခြင်းခေါင်းစဉ်ဖြင့်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
၎င်းကြေညာချက်တွင်“ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိကော့စ်ဘဇားနှင့် ဘင်ဒရိုဘင်ဒေသအားစစ်ရေးစစ်ဆင်ရေးဇုန်အဖြစ်ကြေညာရန်” ခေါင်းစဉ်တပ်ကာအိန္ဒိယNortheast News မှထုတ်ဝေသည့်သတင်းသည် “ဘင်္ဂလားဒေ့ရှ်ပြည်တွင်းရေးကိုမတည်မငြိမ်ဖြစ်စေရန်နှင့်ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ပုံရိပ်ကိုညှိုးနွမ်းစေရန်ကောင်းစွာစီစဉ်ထားသောအပုပ်ချလှုံ့ဆော်မှု”၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုရေးသားဖော်ပြခဲ့သည်။
“ဒီအစီရင်ခံစာအမျိုးအစားဟာဘင်္ဂလားဒေ့ရှ်ရဲ့ပြည်တွင်းတည်ငြိမ်မှုကိုထိခိုက်စေပြီးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ပုံရိပ်ကိုညှိုးနွမ်းစေဖို့ အတွက်ရည်ရွယ်တဲ့ အိန္ဒိယ ီဒီယာအချို့ရဲ့အပုပ်ချလှုံ့ဆော်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်”ဟုISPR ကဆိုသည်။
“ဘင်္ဂလားဒေ့ရှ်တပ်မတော်သည်လက်နက်ကိုင်ခွဲထွက်ရေးအုပ်စုများကိုပံ့ပိုးနေသည်' ဟုNN ၏သတင်းတွင်အရိပ်အမြွက်ဖော်ပြီးယင်းမှာအခြေအမြစ်မရှိ၊အန္တရာယ်ရှိသောဝါဒဖြန့်မှုပုံစံတစ်ခုဖြစ်သည်ဟုISPR ကပြောဆိုထားသည်။ (Reference: Bangladesh Media)