Preview

အပစ်ခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် ကျောက်ဖြူတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဆက်လက်ပြုနေ

သဉ္ဇာနွယ် | ဇွန် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :5098
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၃/ ၂၀၂၅

စစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် ကျောက်ဖြူမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို ဆက်လက် ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူဒေသခံ အမျိုးသမီးက" စစ်ကောင်စီဖက်ကတော့ အပစ်ရပ်ကာလမပြောနဲ့ နေ့တိုင်းပစ်တယ်။ ရဲတပ်ရင်းကလည်းပစ်တယ်။ ပိုလို့တောင်ပစ်တယ်လို့ပြောလို့ရတယ်။ ဓညဝတီရေတပ်ဌာနချုပ်ကနေ ပိုပစ်တယ်။ မိုးတအားရွာနေတော့ဒရုန်းနဲ့တော့မပစ်သေးဘူး ။ နေပူရင်ပစ်တယ်" ဟု ပြောသည်။

ရခိုင်ပြည်၊ကျောက်ဖြူမြို့တွင်ဖြစ်ပွားနေသောတိုက်ပွဲတွင်အာရက္ခတပ်တော်က ထိုးစစ်ကိုယာယီ ရပ်နားထားပုံရပြီး စစ်ကောင်စီ ကင်းစခန်းများကို ကျားထိုးတိုက်ခိုက်ခြင်း၊ အမှတ် (၃၂) ရဲတပ်ရင်းကို တိုက်ခိုက်ခြင်းများကို မတွေ့ရတော့ဟု သူမက ပြောဆိုသည်။

“အေအေဘက်ကထိုးစစ်ဆင်တာကိုရပ်နားထားလိုက်တယ်ထင်တယ်။တိုက်ပွဲဖြစ်သံ မကြားရဘူး။ လက်နက်ကြီးပစ်သံတွေကိုဘဲ ကြားရတယ်။ အပစ်အခတ်ရပ်စဲထားပေမယ့်လက်နက်ကြီးနဲ့ပစ်ခတ်နေတာတော့မလုပ်သင့်တော့ဘူးထင်ပါတယ်”ဟု သူမက ပြောသည်။  

လက်ရှိလက်နက်ကြီးများဖြင့်ပစ်ခတ်နေသော နေရာများမှာ ကျောက်ဖြူမြို့နယ်၊သစ်ပုတ်တောင်တွက် အခြေစိုက်ထားသည့် ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ် (၃၂)ရဲတပ်ရင်းများဖြစ်သည်ဟုစစ်ရေး သတင်းရင်းတစ်ဦးကလည်း ‌နိရဉ္စရာ ကိုပြောသည်။

" အေအေက ထိုးစစ်လည်းမရှိ။လက်နက်လည်းမပစ်ဘူး။တိုက်ပွဲတွေလည်းရပ်ထားတယ်။ စစ်ကောင်စီဖက်ကသာအေအေကိုကြောက်တာ။ ကြောက်စိတ်လွန်ကဲပြီးလက်နက်ကြီးနဲ့ ပစ်နေတာ။ အေအေလာတိုက်မလားဆိုပြီး ကြောက်နေကတော့ မဲမဲမြင်သမျှကို ပစ်နေတဲ့ သဘောဖြစ်နေတယ်" ဟုပြောသည်။

စစ်ကောင်စီ၏ အပစ်ရပ်ကာလကိုမယုံသဖြင့်  ပြည်သူများမှာအပစ်ရပ်စဲကြောင်း ကျေညာ ထားသော်လည်း အသွားအလာမပြုလုပ်ရဲဟု ကျောက်ဖြူဒေသခံစစ်‌ ရှောင် အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

" တစ်လတာရပ်လိုက်တယ်ဆိုပေမယ့်လက်နက်ကြီးတွေပစ်နေတော့ ရွာတွေဘာတွေမပြန်ရဲသေးဘူး။ရွာမှာမနေပေမယ့်ရွာအခြေအနေတွေ သွားကြည့်ချင်ပေမယ့် မသွားရဲဘူး။ဟိုလတုန်းကလည်းအပစ်ရပ်ထားတဲ့ အချိန်မှာဘဲ လိပ်ခမော်ရွာကိုဒရုန်းနဲ့ကြဲလို့ ရွာထဲမှာရှိတဲ့ဒေသခံအမျိုးသမီး ၃ ဦး သေသွားတယ်" ဟု ပြောသည်။

ပြီးခဲ့သည့်ဧပြီနှင့်မေလအတွင်းကလည်း  စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်၃ ဖွဲ့( AA+ TNLA+MNDAA)  အပစ်အခတ်ရပ်ထားသည့် ကာလ (၂)လတာအတွင်းစစ်ကောင်စီဖက်မှစစ်  လက်နက်အင်အားဖြည့်တင်းခြင်း၊ စစ်ကြောင်းထိုးခြင်း၊  လက်နက်ကြီးကျည်များပစ်ခတ်ခြင်း၊ကာကင်းစခန်းများတိုးချဲ့ခြင်းစသည့် စစ်‌ဖက်ရေးရာတွင် ပိုမိုလှုပ်ရှားပြီးအခွင့်အရေးသာအောင် ပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီဖက်မှဇွန်လ (၁)ရက်နေ့မှ( ၃၁ )ရက်နေ့အထိ အပစ်ခတ်ရပ်စဲရေးကာလ (၁)လ ထပ်တိုးခဲ့သလိုညီနောင်မဟာမိတ်သုံးဖွဲ့မှလည်း ဇွန်လ (၂)ရက်နေ့မှ (၃၁)ရက်နေ့အထိနောက်ထပ်အပစ်ရပ်ကာလ တစ်လ တိုးမြှင့်ကြောင်းထုတ်ပြန်ထားသည်။

ညီနောင်အဟာမိတ် သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင်  ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင်  " မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှု မျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း " အသိပေးထုတ်ပြန် ထားသည်။ 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.