နိရဉ္စရာ၊ ဇွန်လ၆ /၂၀၂၅
အာရက္ခတပ်တော် (AA) ၏ ရခိုင်စစ်ရေးအောင်ပွဲများမှာ မြန်မာနိုင်ငံတွင် ဆင်နွှဲနေသော တော်လှန်ရေးတစ်ခုလုံးအတွက် အောင်ပွဲဖြစ်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှဂုဏ်ယူနေပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူးဒေါ်လွေးယေဦးကနိရဉ္စရာသတင်းဌာနကို ပြောသည်။
ဇွန်လ၅ရက်နေ့ကပြုလုပ်သည့်TNLA၏စစ်ရေး၊နိုင်ငံရေးနှင့်ပတ်သက်သည့်အွင်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ရခိုင်စစ်ပွဲများနှင့် ပတ်သက်ပြီးနိရဉ္စရာသတင်းဌာ၏ မေးမြန်းမှုကို သူမက ထိုသို့ တုံ့ပြန် ပြောသွားခဲ့ခြင်းဖြစ်သည်။
“ အေအေရဲ့အောင်ပွဲတွေအတွက်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ နောက်တစ်ခုကစစ်ကောင်စီ ထိန်းချုပ်မှုအောက်ကလွတ်မြောက်သွားတဲ့စစ်ကောင်စီကင်းစင်သွားတဲ့ ရခိုင်ကမြို့အားလုံးအတွက်ကျွန်မတို့ကဂုဏ်ယူဝမ်းမြောက်ပါတယ်။ အရမ်းလည်းဂုဏ်ယူရပါတယ်။ဘာကြောင့်လည်းဆိုတော့စစ်ကောင်စီရဲ့အုပ်ချုပ်မှုကင်းစင်သွားတဲ့အတွက်ဒီအပေါ်မှာတော့ ဝမ်းမြောက်ရပါတယ်” ဟု ပြောဆိုသည်။
ယခုကဲ့သို့ ရခိုင်တွင် အာရက္ခတပ်တော်က စစ်ရေးအရအောင်ပွဲရနေခြင်းမှာ စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအတွက်လည်းအောင်ပွဲတစ်ခုဖြစ်ကြောင်း သူမက ပြောဆိုသည်။
“ တဖက်မှာလည်း အေအေရဲ့ အောင်ပွဲက ဒီတော်လှန်ရေးတစ်ခုလုံးအတွက်လည်းအောင်ပွဲတစ်ခုလို့ မှတ်ယူပါတယ်။ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) အနေနဲ့ ဂုဏ်ယူ နေပါတယ်။ ဒါက တော်လှန်ရေးအတွက်လည်းတကယ့် အောင်ပွဲတစ်ခုလို့မှတ်ယူနိုင်ပါတယ်” ဟုပြောသည်။
ထို့အပြင်မြန်မာနိုင်ငံတွင်နှစ်ပေါင်း၇၀နီးပါ စစ်အာဏာရှင် အဆက်ဆက်ကိုလက်နက်ကိုင် တော်လှန်နေသော်လည်း ယခုအာရက္ခတပ်တော်ကဲ့သို့ ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းပိုက်နိုင်သည့် လက်ဆုတ်လက်ကိုင်ပြနိုင်သော မြို့များသိမ်းယူနိုင်မှုများမှာ ယခင်က မရှိသေးကြောင်းလည်းဒေါ်လွေးယေဦးကပြောသည်။
“စစ်ကောင်စီကိုတော်လှန်နေတာဟာဒီနေ့မှမဟုတ်ပါဘူး၊မြန်မာနိုင်ငံသည်နှစ်ပေါင်း၇၀နီးပါးတော့ ရှိပါပြီ။ ဒီလိုမျိုး လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ ပြည်နယ်တစ်ခုလုံးကမြို့တွေအကုန်လုံးကို သိမ်းတာမျိုး အရင်က မရှိသေးဘူးပေါ့နော်။ ဒီလိုမျိုးနဲ့မျှော်မှန်းထားတဲ့စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးကို တော်လှန် တိုက်ပွဲဝင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟုပြောသည်။
AA သည် ရခိုင်ပြည်မှ ကျောက်တော်၊မြောက်ဦး၊ပေါက်တော၊မင်းပြား၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ရမ်းဗြဲ၊ဘူးသီးတောင်၊သံတွဲ၊မောင်တော၊တောင်ကုတ်၊အမ်း၊ ဂွစသည့် မြို့နယ် (၁၄) ခုကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် မြို့ ၃ မြို့အနက်မှ ကျောက်ဖြူကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ထို့အပြင်ပလက်ဝဒေသတစ်ခုလုံးကိုလည်းအာရက္ခတပ်တော်ကသိမ်းပိုက် ထိန်းချုပ်ထားသည်။
အာရက္ခတပ်တော်သည် ရခိုင်အပြင် နယ်မြေချင်း ထိစပ်နေသော ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်၊ ကျောင်းသားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်ဟု သိရသည်။