နိရဉ္စရာ၊ ဇွန် ၆/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင်အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် နေရာအချို့ကိုစစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ကူပေးကာ စစ်ကြောင်း(၄) ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။
မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက " ရန်ကုန်က လေကြောင်းနဲ့ပို့တဲ့စစ်သားတွေရယ်။ နေဗီနဲ့တင်ယူလာတဲ့စစ်သားတွေရယ်၊ ကျောက်ဖြူတပ်က စစ်သားတွေရယ်၊ အကုန်လုံးကို ပထမခမရ(၅၄၂)တပ်ရင်းမှာစုတယ်။အဲဒီကနေတဆင့် ခမရ(၅၄၃)ကိုပို့တယ်။ပြီးတော့ စစ်ကြောင်း (၃)ကြောင်း ခွဲပြီးအေအေသိမ်းထားတဲ့ နေရာတွေကို တက်သွားတယ်။အဓိက ရဲတပ်ရင်း(၃၂) ဖက်ကို ဦးတည်တာ။ဓညဝတီရေတပ်ဖက်ကလည်းတစ်ကြောင်းတက်တယ်။ သူတို့စစ်ကြောင်းတက်တဲ့လမ်းတွေကအာရက္ခတပ်တော်ထိန်းချုပ်တဲ့နယ်မြေတွေအထိရောက်လာတော့ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်" ဟု နိရဉ္စရာ ကိုပြောသည်။
စစ်ကောင်စီသည် ကျောက်ဖြူတိုက်ပွဲတွက် အရှုံးပေါ်နေသဖြင့် စစ်ကူအင်အားများကို ရန်ကုန်မှ ကျောက်ဖြူသို့လေကြောင်းဖြင့်အကြီးအကျယ် ဖြည့်တင်းနေသလိုစစ်ရေယာဉ်များဖြင့်လည်း ပို့ဆောင်နေသည်ဟု သိရသည်။
“ စစ်တပ်က အင်အားတော်တော်ပြန်ဖြည့်တင်းနေတယ်။ အများစုကတော့ ပြည်သူ့ စစ်သင်တန်း ဆင်းတွေ များတယ်။ စစ်တပ်က အရာရှိကြီးတွေကအစ ရိုးရိုးရဲဘော် ရာနဲ့ချီပြီး ကျသွားခဲ့တယ်။ ဒါကြောင့် အင်အားတွေပြန်ဖြည့်နေတာ”ဟု ပြောသည်။
စစ်ကောင်စီသည် ပစ်ခတ်တိုက်ခိုက်မှု တစ်လ ထပ်မံတိုးမြှင့် ရပ်နားထားချိန်တွင် စစ်ကြောင်းထိုးပြီးနယ်မြေကျူးကျော် တိုက်ခိုက်မှု ပြုလုပ်နေသည့်အပြင်ရေတပ်၊လေတပ်အပါအဝင် ပါရာမိုတာ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့်ပါပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" စစ်ကောင်စီဖက်က အပစ်ရပ်တာကိုအခွင့်ကောင်းယူပြီး တဖက်သတ်ဆန်ဆန် တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်။ AAဖက်က ကတိအတိုင်းအပစ်ခတ်ရပ်ပေမယ့် သူတို့စစ်တပ်က အပစ်ခတ်ရပ်ပြီးနောက်ပိုပစ်လာတယ်။စစ်ကြောင်းထိုးတယ်။ ဒါတင်မကသေးဘူးခေတ်မီလက်နက်မျိုးစုံနဲ့AAကိုတိုက်ခိုက်နေတာ။ ဒါကို တရုတ်အပါအဝင်နိုင်ငံတကာက မြင်သင့်တယ်" ဟု ပြောသည်။
စစ်ကောင်စီဖက်မှဂုံးချွိန်တိုက်နယ် မလကျွန်းဧရိယာရှိ မလကျွန်းရွာအပါအဝင် တရုတ်နှင့်ပက်သက်သည့်စက်ရုံ၊လုပ်ငန်းများတွင် နေရာယူထားပြီး၊ အမှတ်(၃၂)ရဲတပ်ရင်းအနီးရှိ ပြိုင်းစေ့ကေ့ရွာတွင်လည်း နေရာယူ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း မြေပြင်ဒေသခံများက ပြောသည်။
ဓညဝတီရေတပ်ဌာနချုပ်ကလည်းသူတို့ ဌာနချုပ် အနီးရှိ စိုင်ခြုံ ၊ရှောက်ချောင်း၊ကပ်သပြေစသည့်နေရာများတွင် စစ်ကြောင်းလိုက်အင်အားဖြန့်ကျက်ထားကာကင်းပုန်းဝပ်ပြီး AA ထိန်းချုပ်ထားသည့် နယ်မြေများကိုစစ်ကြောင်းထိုး၊လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများပြုလုပ်သဖြင့် ပြီးခဲ့သည့် ဇွန်လ ၃ရက်နေ့က ကပ်သပြေနှင့်ပျားတဲကြားတွင် (AA)နှင့်တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။