နိရဉ္စရာ၊ ဇွန် ၇ / ၂၀၂၅
ဘင်္ဂလားဒေ့ရှ်သို့ ရခိုင်ပြည်မှကျွဲနွားတင်ပို့ မှုကိုအာရက္ခပြည်သူ့အစိုးရက ယာယီ ၂ လပိတ်ပင်လိုက်သည်ဟု သတင်း ရရှိသည်။
"ဟုတ်ပါတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး ရခိုင်ကနေ မောင်တောနယ်စပ်တဆင့် ဘင်္ဂလာဖက်ကို ကျွဲ၊ နွားတင်ပို့ ရောင်းချမူကို အာရက္ခပြည်သူ့အစိုးရနဲ့ တပ်တော်ကနေ ယာယီ ၂ လပိတ်ထားလိုက်တယ်။ ဘာအတွက်ပိတ်လိုက်တာလဲတော့အတိအကျ မသိရသေးဘူး”ဟု ဒေသခံ နွားကုန်သည်တစ်လူကြီးဦးက ပြောကြားသည်။
ဘင်္ဂလာဒေ့ရှ်တွင် ကျွဲနွားများ ဈေးကောင်းရနေ၍ ရခိုင်ပြည်ဘက်ကတင်ပို့မူများလာနေပြီး ရခိုင်ဒေသ၌ ကျွဲနွားများရှားပါးလာသလို တစ်ခြားတစ်ဖက်တွင်လည်း ကျွဲနွားများတင်ပို့မှုနှင့် ပတ်သက်ပြီး စျေးနူန်းများအပါအဝင် အကောက်ခွန်ဥပဒေများကို သေချာမသတ်မှတ်နိုင်သေး၍လည်း ဖြစ်နိုင်ကြောင်း စီးပွားရေးသမားတစ်ဦးက ခန့်မှန်းပြောဆိုသည်။
"လက်ရှိကျွဲ၊နွားဈေးနှုန်းတွေကအသေအချာမသတ်မှတ်နိုင်ကြသေးပါဘူး။အကောက်ခွန် ဥပဒေတွေလည်း လိုအပ်နေတာ တချို့ရှိနေပါသေးတယ်။ အဲဒါကြောင့်အခုလို ရခိုင်ဘက်က ကုန်တွေကိုဘင်္ဂလာဘက်ကို တင်ပို့တဲ့အခါစီးပွားရေးသမားတွေကြီးစိုးလာပြီးဝင်ရောက် ချယ်လှယ်မှုတွေရှိလာပါတယ်။ ဒီအတွက်ဥပဒေတွေချမှတ်ဖို့ ဒီလို လုပ်တာလည်း ဖြစ်နိုင်ပါတယ်"ဟုဒေသခံစီးပွားရေးသမားတစ်ဦးကပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်သို ကျွဲနွားများကို တင်ပို့ကြရာတွင် ရခိုင်ပြည်တွင်သာမက ဗမာပြည်ဘက်ကလည်း ကျွဲနွားများကိုလည်း နယ်စပ်ကတဆင့် အများအပြားတင်ပို့ကြပြီး လက်ရှိ ရခိုင်ပြည်၏ စီးပွားရေး အထဲမှ ပြည်ပတင်ပို့မှုအများဆုံး စီးပွားရေး လုပ်ငန်းထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကျွဲနွားဝယ်လိုအားများပြီး သူ့နိုင်ငံအတွက် လိုအပ်သော ကျွဲနွားများကို ပြည်ပမှ တင်သွင်းရသည်ဟု သိရသည်။
“ ဘင်္ဂလားဒေ့ရှ်က ကျွဲနွားစျေးကွက်ကြီးရှိတယ်။ ရခိုင်က တောင်သူတွေ စနစ်တကျ ကျွဲနွားတွေကို တစ်ပိုင်တစ်နိုင် မွေးတာထက် စီးပွားဖြစ်မွေးမြူပြီး ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ရင် တော်တော် တွက်ခြေကိုက်မယ်လို့ ထင်ပါတယ်။ ကျွဲနွားစျေးတွေလည်း တော်တော် ကောင်းတယ်။ ဘာတာ ငွေလှဲတဲ့ နှုန်းကလည်း ကွာနေတော့ ရခိုင်ဘက်က ဘာတင်ပို့ပို့ မမြတ်လို့ မရှိဘူး။ ဒီစျေးကွက်ကို စနစ်တကျအသုံးချနိုင်မယ်ဆိုရင် ရခိုင်စီးပွားရေး ပြန်လည် ကောင်းလာနိုင်ပါတယ်”ဟု ပြောသည်။
မြန်မာကျပ်ငွေမှာ တန်ဖိုးကျနေပြီး ကျပ် ၂၀ သည် ဘင်္ဂလာ ၁ တာကာ ရှိနေသဖြင့် ရခိုင်ကတင်ပို့သည့် နွာတစ်ကောင်စျေးနှုန်းမှာ မြန်မာကျပ်သိန်း ၂၀ မှ ၄၆ သိန်းထိစျေးရှိနေသည်ဟုသိရသည်။
စနစ်တကျ တရားဝင်တင်ပို့နိုင်ပါက ကျွဲနွားကုန်သည်များ ခေါင်းပုံဖြတ် မခံရနိုင်သလို စျေးနှိမ် ဝယ်ယူခြင်းများလည်း မဖြစ်ပေါ်နိုင်သဖြင့် အမြတ်အစွန်းများပိုမို ရရှိနိုင်၍ ကျွဲနွားတင်ပို့မှုကို တပ်တော်တာဝန်ရှိသူများ အနေဖြင့် အသေအချာ စီမံခန့်ခွဲကာ ကိုင်တွယ်စေလိုသည်ဟု ၎င်းက အကြံပြုပြောကြားသည်။
ဘင်္ဂလာဒေ့ရှ်ဘက်သို့ကျွဲနွားများသွားရောက်ရောင်းချရတွင်နွားကုန်သည်များအနေဖြင့် အမြတ်အစွန်းများ ရရှိနေသော်လည်း တိုက်ရိုက်ရောင်းချခွင့်မရသည့်အပြင် ကော်မရှင်ခတိုးမြှင့် ကောက်ခံနေမှုတချို့ရှိနေသည့်အပေါ်တွင်လည်း ထိန်းညှိပေးရန် လိုအပ်နေသည်ဟု ကျွဲနွားကုန်သည်များက ပြောဆိုသည်။
နောက်ထပ် စီးပွားရေးသမားတစ်ဦးကလည်း စီးပွားရေးလုပ်ရာတွင် အမြတ်အစွန်းများများရရန် စျေးကစားခြင်းမှာလည်း အတတ်ပညာတစ်ခုဖြစ်သဖြင့် နယ်စပ်တွင် စီးပွားရေးကျွမ်းကျင်သူများဖြင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်နေသည်ဟု အကြံပြုပြောကြားသည်။
“ ဥပမာအနေနဲ့ ပြောရရင် ဘင်္ဂလားဒေ့ရှ်က တစ်နေ့မှာ နွားကောင်ရေ ၁၀၀ လက်ခံဝယ်ယူတယ်ဆိုရင် ကိုယ့်ဘက် ကောင်ရေ ၈၀ မဟုတ်ရင် ၉၀ တင်ပို့ရင် စျေးကောင်းရနိုင်တာပေါ့။ဘင်္ဂလာ စီးပွားရေး သမားတွေရဲ့ စျေးနှိမ်တာကိုလည်း မခံရနိုင်ဘူးပေါ့။ အခုက ဘင်္ဂလားဒေ့ရှ်က တစ်နေ့ နွားကောင်ရေ ၁၀၀ လိုတာမှာ ရခိုင်ဘက်က ၂၀၀ လောက် နယ်စပ်ကို ရောက်လာတော့ ဟိုဘက်က စျေးနှိမ်ပြီးပေါ့။ ရသင့်ရထိုက်တဲ့ အမြတ်အစွန်းမရဘူးဖြစ်သွားတာပေါ့”ဟု ပြောသည်။
ကျွဲနွားများကိုသာမက ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်သို့ တစ်ခြားတင်ပို့နေသည့် ကုန်ပစ္စည်းများကိုလည်း စျေးကစားရန်လိုအပ်နေပြီး တစ်ဖက်နိုင်ငံမှ သွင်းကုန်များအပေါ်တွင် စျေးကစားရန်လည်း လိုအပ်နေသည်ဟု ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်ကက တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ်တွင် ကုန်ပစ္စည်းအလိုက် အကြမ်းဖျဉ်း စျေးနှုန်းသတ်မှတ်ထားပြီး အနိမ့်ဆုံးစျေးဖြင့် ကုန်သည်များက တင်သွင်းရန် လိုအပ်နေပြီး ကုန်သည်များအကြားတွင်လည်း တစ်ယောက်တစ်မျိုးစျေးပေးကာ မတင်သွင်းသင့်ဟု ၎င်းက ပြောဆိုသည်။
မောင်တောနယ်စပ်မှ တစ်ဆင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံဖက်သို ကျွဲ၊နွားများ တင်ပို့ရာ၌အာရက္ခပြည်သူ့အစိုးရ၊ အကောက်ခွန်ဌာနသို့ (၁၀) ရာခိုင်နှုန်းပေးဆောင်ရသည်ဟု သိရှိရသည်။