Preview

ရန်ကုန် တူးနိုင်းရွှေဆိုင်မှ ရွှေခိုးမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်အမျိုးသမီးငယ်တစ်ဦးကို အမှုကို မစီရင်ဘဲ (၂) နှစ်နီးပါးချုပ်နှောင်ထား

သျှင်မင်းဇံ | ဇွန် ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :10340
ရခိုင် သတင်း

နိရဉ္စရာ၊ဇွန်၇ /၂၀၂၅

ရန်ကုန်တိုင်း၊တာမွေမြို့နယ်ရှိ 29 (တူးနိုင်း) ရွှေဆိုင်မှ ရွှေခိုးမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသမီးငယ်တစ်ဦးအား အမှုကို မစီရင်ဘဲ တည်ဆဲဥပဒေများကို လက်တစ်လုံးခြား အသုံးချကာ ဖမ်းဆီးချုပ်နှောင်ထားသည်မှာ (၂) နှစ်နီးပါးခန့် ရှိလာပြီလို့ ဆွေမျိုးတော်စပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ ဘာသက်သေ အထောက်အထားမှမရဘူး။ စိတ်အထင်နဲ့ ဖမ်းဆီးတရားစွဲတာ။  သူတို့တရားလိုကအင်အားကောင်းတယ်။ပိုက်ဆံချမ်းသာတော့ ပိုက်ဆံအားနဲ့ အနိုင်ကျင့်ထားတာ။ဒီအမှုကိုဥပဒေဘောင်းအတွင်းကနေတရားသူကြီးတွေနဲ့ တမင်အချိန်ကြာအောင်လုပ်နေတာ။ကျနော်တို့ဘက်တောင့်မခံနိုင်ရင်ရှုံးပေါ့။အပတ်တိုင်းရုံးချိန်းသွားနေရတော့လည်းပိုက်ဆံတွေကုန်တာပေါ့ဗျာ။ ဒီလို ခိုးမှုတစ်ခုကို အမှုကို မစီရင်ဘဲ ၂ နှစ်နီးပါး ချုပ်ထားတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေမဏ္ဍိုင်က ဘယ်လောက်ထိ ပြိုလဲနေသလဲဆိုတာကို သက်သေပြနေတာဖြစ်ပါတယ်”ဟု၎င်းက ပြောသည်။

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊သရက်တောင်ကျေးရွာကအသက် (၂၇)နှစ်အရွယ်ဘွဲ့ရပညာတတ်အမျိုးသမီးတစ်ဦးကို ရန်ကုန်၊ တာမွေမြို့နယ်၊ဦးချစ်မောင်လမ်းရှိ 29 (တူးနိုင်း)ရွှေဆိုင်တွင်အလုပ်ခေတ္တဝင်ရောက်လုပ်ကိုင်စဉ်   ၂၀၂၃ခုနှစ်၊ဩဂုတ်လ၂၈ရက်တွင်ရွှေထည်ပစ္စည်း၃၄မျိုး (ကာလတန်ဖိုးသိန်း၁၉၀၀ခန့်)ရပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးကာ တရားစွဲဆိုထားသည်။

၎င်းအမှုမှာ ၂ နှစ်နီးပါး ကြာလာသော်လည်း အမှုကို မစီရင်ဘဲ သူမအား ရုံးထုတ်လိုက်၊ ထပ်မံ ရုံးချိန်းပေးလိုက်ဖြင့် တရားဥပဒေကို လက်တစ်လုံးခြား အသုံးချကာ တမင်ဝန်ခံလာအောင် အချိန်ဆွဲပြီး လုပ်ဆောင်နေသည်ဟု အဆိုပါ အမှုအား စောင့်ကြည့်နေသည့် ရန်ကုန်မြို့မှ ရှေ့နေတစ်ဦးက ပြောဆိုသည်။

“  သူမက ရခိုင်လည်းဖြစ်ပြန်။ နယ်ကလည်းဖြစ်တယ်။ မိသားစုကလည်း ဆင်းရဲနွမ်းပါးတယ်။ အားမရှိတော့ အားရှိသူတွေက ထင်တိုင်းကြဲတာကို ခံရတာပေါ့။ အမှန်က ဒီလိုအမှုမျိုးက ဒီလောက်ထိ အချိန်ဆွဲနေရာစရာမလိုဘူး။ အမှုကို စီရင်ရမယ့် အချိန်က မတရား အချိန်လွန်နေပြီ”ဟု ၎င်းရှေ့နေက ပြောသည်။

သူမအား ၂၀၂၅ခုနှစ်ဇွန်လ၆ ရက်၊ နေလယ်၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တရားရုံး၌ရုံးထုတ်ခဲ့သော်လည်း အမှုကို မစီရင်ဘဲ ထပ်မံ ရုံးချိန်းခဲ့သည်ဟု ဆိုသည်။

“ အဲဒီနေ့က တရားရုံးမှာ တာမွေမြို့နယ်စခန်းမှူးအားစစ်ဆေးခဲ့တယ်။ ဒီလောက်ကြန့်ကြာတဲ့အမှုတစ်ခါမှာမမြင်ဖူးဘူး။တရားလိုပြသက်သေမရောက်လို့မစစ်ခဲ့ရဘူး။နောက်အပတ်သောကြာနေ့လည်းရုံးချိန်းရှိတယ် ” ဟု၎င်းက ပြောသည်။

ယခုကဲ့သို့ အမှုကို စီရင်ချက်ချရန် ကြန့်ကြာနေမှုနှင့် ပတ်သက်ပြီး သူမ၏ရှေ့နေဒေါ်ဝိုင်းသူဇာကနိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယခုအချိန်အထိတရားလိုပြသက်သေများအားစစ်ဆေး၍မပြီးသေးသဖြင့်အချိန်ကြန့်ကြာနေရခြင်းဖြစ်သည်ဟု ပြောကြားသည်။

ဤအမှုတွင် အဆိုပါ ရွှေဆိုင်၏ပစ္စည်းလက်ခံရေးဌာနမှအဖွဲ့ခေါင်းဆောင်မောင်သန်းတိုးလင်း၊မထက်ထက်ခိုင်နှင့်မသဇင်သင်းသန့်တို့အပါအဝင်သူမတို့၄ဦးတို့အား ရွှေပျောက်ပြီးနောက်  ၅ရက်ထပ်မံ စစ်ဆေးခဲ့ပြီးနောက် 29 ရတနာရွှေဆိုင်မှာမန်နေဂျာဦးမျိုးကိုကိုအောင်ကတရားလိုပြုလုပ်ကာရာဇသတ်ကြီးပုဒ်မ - ၃၈၁ဖြင့်တာမွေမြို့နယ်တရားရုံးတွင်သူမတစ်ဦးတည်းကို တရားစွဲဆိုထားပြီးအင်းစိန်အကျဉ်းထောင်တွင်ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

29 (တူးနိုင်း) ရွှေဆိုင်သည်ငွေကြေးပါဝါကိုအသုံးပြုပြီးတရားစွဲဆိုခံရသူ မိန်းခလေးငယ်၏အမှုနှင့် မသက်ဆိုင်သည့် မိဘများအားလည်း သူတို့နေထိုင်ရာမြောက်ဥက္ကလာပမြို့နယ်၊အမှတ်၂ရပ်ကွက်ရှိနေအိမ်မှ ၂၀၂၃ခုနှစ်၊အောက်တိုဘာ၈ရက်၊ညနေပိုင်းတွင် အတင်းနှင်ထုတ်ကာ ချိပ်ပိတ်ထားသည်ဟု သိရသည်။

၎င်းနေအိမ်ကို အဆိုပါအမျိုးသမီးငယ်၏ မိဘများက  29 (တူးနိုင်း) ရွှေဆိုင်တွင်မလုပ်ခင်ကတည်းကရွာရှိနေအိမ်နှင့်လယ်မြေများကိုရောင်းချကာရန်ကုန်မြို့တွင်အဆိုပါနေအိမ်အားဝယ်ယူပြီးပြောင်းရွှေ့နေထိုင်နေခြင်းဖြစ်ကြောင်းပြောဆိုသည်။

သူမ၏ မိဘများမှာအဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်အိမ်ကနေဆင်းခဲ့ရပြီးလက်ရှိတွင်ရွှေပြည်သာမြို့နယ်ရှိဘုန်းကျောင်းတစ်ကျောင်းတွင်ခိုလှုံနေထိုင်ကြရသည်ဟုလည်းသူမ၏မိခင်ဖြစ်သူကပြောသည်။

အဆိုပါအမျိုးသမီးငယ်အားလာမည့် ဇွန်လ၁၃  ရက်တွင်ထပ်မံရုံးချိန်းထားပြီးနောက်ထပ် တရားလိုပြ သက်သေအားထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.