မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၉/၂ဝ၂၅
ရခိုင်ပြည်၊ ဂွမြို့မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၉ဝ ခန့်အကွာတွင် ယနေ့နံနက်က ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၉) နာရီ၊ (၄၄)မိနစ်၊ (၄၉)စက္ကန့်အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၉၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်မြို့၏ အနောက်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅) ဒီဂရီ၊ အနက် (၇၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုး/ဇလ၏ ယနေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်အချိန်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်၊ ညဉ့် ၁ နာရီ ၄၅ မိနစ်အချိန်ကလည်း ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံရွာအနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်ငယ် လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဇွန်လ ၅ ရက်အထိ ၁၈၇ ကြိမ် လှုပ်ခတ်သွားခဲ့ပြီးဖြစ်သည်ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခု ဂွမြို့အနီးလှုပ်ခတ်ခဲ့သည့်ငလျင်မှာ မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ပြီးနောက် ရခိုင်ပြည်တွင် ဒုတိယအကြိမ်လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်သည်။
ဓာတ်ပုံ - မိုး/ဇလ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။