(ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၉/၂၀၂၅
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းတို့မှ လက်နက်မျိုးစုံဖြင့်ပစ်ခတ်နေ ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းအနီးအနားဝန်းကျင်အပါအဝင် ပြိုင်းစေ့ကေနှင့် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် နှမ်းဖဲတောင်၊ မင်းတက်တောင်အပါအဝင် မလကျွန်း ဧရိယာတဝိုက်ကို ယနေ့ ဇွန်လ ၉ ရက်နေ့၊ ညနေပိုင်းတွင် ဂျက်ဖိုက်တာနှင့် Y-12 တို့ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယင်းအပြင် စစ်ကောင်စီနေဗီနှင့် ဓညဝတီရေတပ်ဌာနချုပ်ဘက်ကလည်း လက်နက်မျိုးစုံဖြင့် အနီးအနားဝန်းကျင်တို့ကို ရမ်းသန်းပစ်ခတ်နေသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီနေ့ညနေပိုင်းကနေ ဂျက်နဲ့ရော၊ Y-12 နဲ့ပါ ဗုံးကြဲနေတာ ခြောက်ကြိမ်လောက်ရှိနေပြီ။ ပြီးတော့ နေဗီ၊ ရေတပ်ဌာနချုပ်ဖက်က လက်နက်ကျည်၊ လက်နက်၊ ဒရုန်း လေးမျိုးလောက်နဲ့ပစ်တာ။ အသေအပျောက်ရှိနိုင်တယ်။ အတိအကျမသိရသေးဘူး" ဟု ပြောသည်။
စစ်ကောင်စီ၏ ခမရ (၅၄၂)နှင့် ခမရ(၅၄၃)မှ စစ်အင်အား ၂၀၀ ခန့်သည် AA ထိန်းချုပ်ထားသည့်နေရာသို့ လက်နက်မျိုးစုံပစ်ကာ အတင်းအဓမ္မစစ်ကြောင်းထိုးဝင်လာသည်ကို စစ်ကောင်စီဘက်က စစ်ကူပေးသည့်သဘောဖြင့် ယခုကဲ့သို့ လေကြောင်းနှင့် ရေကြောင်းတို့ကပါ ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။
ယခုလို စစ်ကောင်စီက တိုက်ခိုက်မှုကြောင့် ဒေသခံများထွက်ပြေးနေရပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနိုင်သည်ဟု ဆိုကြသည်။
ထိခိုက်သေဆုံးမှုများကို နိရဉ္စရာက ဆက်လက်စုံစမ်းဖော်ပြပေးပါမည်။
ယင်းသို့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ AA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိနေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အဓိက စစ်ကြောင်းထိုးတာကို လက်နက်ပစ်ကူတာ။ အခု အင်အား ၂၀၀ လောက်ရှိတဲ့စစ်ကြောင်းကလည်း လက်နက်ငယ်တွေပစ်တယ်။ အခြေစိုက်တပ်ရင်းတွေကလည်း လက်နက်ပစ်ကူတယ်။ အခုလေကြောင်းကပါ ဗုံးကြဲတာ အခြေအနေပြင်းထန်နေတယ်" ဟု ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသည့် ကာကင်းစခန်းတချို့ကို AA က အပစ်ရပ်ထားချိန်တွင် ပြန်လည်ရယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ကျောက်ဖြူတွင် စစ်ကောင်စီထိုးစစ်ဆင်မှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို မြို့ပေါ်မှ နေ့စဉ်ရက်ဆက်ကျယ်လောင်စွာကြားနေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အရီးတို့ကတော့ လက်နက်ပစ်ခတ်သံ နေ့တိုင်းကြားရလို့ ညဖက်အိပ်မပျော်တာ အတော်ကြာပြီ" ဟု ပြောသည်။
ဇွန်လ ၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်ရှိ AA သိမ်းပိုက်ထားသည့် နေရာအချို့ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ကူပေးကာ စစ်ကြောင်းလေးကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က ကပ်သပြေနှင့် ပျားတဲကြားတွင် AA နှင့်တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဂုံးချွိန်တိုက်နယ်၊ မလကျွန်းဧရိယာရှိ မလကျွန်းရွာအပါအဝင် တရုတ်နှင့်ပတ်သက်သည့် စက်ရုံနှင့် စီမံကိန်းလုပ်ငန်းခွင်များတွင် နေရာယူထားပြီး အမှတ်(၃၂)ရဲတပ်ရင်းအနီးရှိ ပြိုင်းစေ့ကေ့ရွာတွင်လည်း နေရာယူ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း မြေပြင်ဒေသခံများက ပြောသည်။
ဓညဝတီရေတပ်ဌာနချုပ်ကလည်း သူတို့ ဌာနချုပ်အနီးရှိ စိုင်ခြုံ၊ ရှောက်ချောင်း၊ ကပ်သပြေစသည့်နေရာများတွင် စစ်ကြောင်းလိုက် အင်အားဖြန့်ကျက်ကာ ကင်းပုန်းဝပ်ပြီး AA ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်ကြောင်းထိုး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ် နေကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကောင်စီနေဗီတစ်စီးက လက်နက်ပစ်ခတ်နေသည့်ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။