Preview

မာန်အောင်တွင် ငါးဖမ်းသမားများကို စစ်ကောင်စီနေဗီက သေနတ်ဖြင့်လှမ်းပစ်ကာ ဖမ်းဆီးငွေညှစ်နေ

သဉ္ဇာနွယ် | ဇွန် ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :1465
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁ဝ/၂၀၂၅

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ငါးဖမ်းထွက်သည့် စက်လှေများမှ ငါးဖမ်းသမားများကို စစ်ကောင်စီနေဗီက သေနတ်ဖြင့်လှမ်းပစ်ကာ ဖမ်းဆီးငွေညှစ်မှုများရှိနေသည်ဟု သတင်းရရှိသည်။

မာန်အောင်မြို့နယ်မှ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် ငါးဖမ်းသမားများလိုက်ပါလာသော ငါးဖမ်းစက်လှေငါးစီးကို ဇွန်လ ပထမအပတ်တွင် မာန်အောင်ပင်လင်ပြင်တွင်ရပ်နားထားသည့် စစ်ကောင်စီ၏နေဗီပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ကာ ဖမ်းဆီးနေသည်ဟု မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သစ်ပုံချောင်းကနေ ငါးဖမ်းထွက်ကြတာ။ စက်လှေက ကြားမိသလောက် ငါးစီး။ နေဗီက အရင်နေဗီမဟုတ်ဘူး။ နေဗီအသစ်က ဖမ်းတာ။ သေနတ်နဲ့လှမ်းပစ်တယ်။ အရင်ကနေဗီဆို နားလည်မှုနဲ့ ငါးဖမ်းလို့ရတယ်။ သူတို့က ပြန်လာရင် ငါးတွေဘာတွေပေးကြတယ်။ အခုအသစ်က ပြောပြလို့မရဘူး။ နားလည်မှုမရှိဘူး။ ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တယ်" ဟု ပြောသည်။

မာန်အောင်ပင်လယ်ပြင်တွင် နေဗီအပြောင်းအလဲများရှိနေပြီး ယခုနေဗီအသစ်မှာ ဒေသခံငါးဖမ်းသမားများကို ဖမ်းဆီးကာ အမည်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးနေသည်ဟု ဆိုသည်။

ယင်းအပြင် ဖမ်းဆီးထားသည့်ငါးဖမ်းသမားတစ်ဦးလျှင် ငွေကျပ်သိန်း ၁ဝ အထက်တောင်းပြီး မိသားစုများကို လာရွေးခိုင်းသည်ဟုလည်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ငါးဖမ်းသမားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဖမ်းပြီးတာနဲ့ စစ်ဆေးမှုအစုံလုပ်တယ်။ ပိုက်ဆံတောင်းတယ်။ ရိုက်လည်း အရိုက်ခံရသေးတယ်။ ပိုက်ဆံပေးပြီးလည်း ရွေးရသေးတယ်။ အသက်အန္တရာယ်မပြုတာကို ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ" ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှစ၍ ဇွန်လအစပိုင်းထိ မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခြင်းရပ်နားခဲ့ရသဖြင့် စားဝတ်နေရေးကျပ်တည်းခဲ့ရကြောင်း ငါးဖမ်းသမားများက ပြောသည်။

ယင်းသို့ ရပ်နားထားခဲ့ရပြီးနောက် ရာသီဥတုအခြေအနေကိုကြည့်ပြီး ပင်လယ်ပြင်သို့ ငါးဖမ်းပြန်လည်ထွက်ကြစဉ် စစ်ကောင်စီနေဗီက ငါးဖမ်းသမားများကို ယခုကဲ့သို့ သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးငွေညှစ်နေခြင်းဖြစ်သည်ဟု သိရသည်။

မာန်အောင်ကျွန်းအလုံးစုံကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကုန်ပစ္စည်းများကို စစ်ကောင်စီ၊ စစ်တပ်နှင့်နီးစပ်သူများက ရန်ကုန်မှတဆင့် ကုန်တင်သင်္ဘောဖြင့် မှာယူကာ ဒေသခံများအား ဈေးအဆမတန်မြှင့်တင်ရောင်းချနေ၍ ကုန်ဈေးနှုန်းကြီးမားမှုဒဏ်ကိုလည်း ခံစားနေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် မာန်အောင်မြို့နယ်ကို ရေကြောင်းအရ အရေးပါသည့် မြို့တစ်ခုအဖြစ်သတ်မှတ်ထားကာ စစ်ရေးအရလည်း အခိုင်အမာပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

မာန်အောင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်စာရင်းအရ လူဦးရေ ၅၇,၀၀၀ ရှိပြီး ကျေးရွာ ၁၃၀ ကျော်နှင့် မြို့ပေါ်ရပ်ကွက် ငါးခုရှိ‌ကြောင်း စစ်ကောင်စီ၏ဌာနဆိုင်ရာများအချက်အလက်အရ သိရသည်။

ဒေသခံအများစုမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြပြီး အုန်းသီးစိုက်ပျိုးသူနှင့် မွေးမြူရေးလုပ်သူတချို့လည်းရှိကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ရခိုင်မှ ငါးဖမ်းစက်လှေအချို့အား တွေ့ရစဉ်။
----
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး#စစ်ကောင်စီ#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.