(အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက နွားကောင်ရေ ၅၀ ခန့် လှူဒါန်း)
နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၁ဝ / ၂၀၂၅
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောဒေသတွင် အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သော ကူရ်ဘာနီအီးဒ်ပွဲတော်ကို သုံးရက်တိုင်တိုင် စည်ကားစွာကျင်းပခဲ့ကြကြောင်း သိရသည်။
အစ္စလာမ်ဘာသာဝင်များ၏ အရေးကြီးဆုံး ကူရ်ဘာနီအီးဒ်နေ့ပွဲတော်ကို ဇွန်လ ၇ ရက်မှ ဇွန်လ ၉ ရက်အထိ စည်ကားစွာကျင်းပခဲ့ကြခြင်းလည်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မောင်တောဒေသခံ မွတ်ဆလင်လူကြီးတစ်ဦးက "ကျွန်တော်တို့ ကူရ်ဘာနီအီးဒ်ပွဲ သုံးရက်ကို AA လက်ထက်မှာ လွတ်လပ်စွာကျင်းပနိုင်ခဲ့ကြတယ်။ ကျောက်ပန္ဒူ ပင်လယ်ကမ်းခြေနဲ့ တခြားပျော်စရာနေရာတွေကို သွားရောက်ပျော်ပါးခွင့်လည်း ရရှိခဲ့ကြတယ်"ဟု ပြောကြားသည်။
မောင်တောဒေသရှိ ကုရ်ဘာနီအီးဒ်နေ့ပွဲတော်နေ့များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေသခံမွတ်ဆလင် ပြည်သူများအတွက် ဒေသအလိုက် နွားကောင်ရေ ၅၀ ခန့် လှူဒါန်းခဲ့ကြောင်းလည်း ဒေသခံမွတ်ဆလင်များထံမှ သိရသည်။
စစ်ကောင်စီလက်ထက်တွင် ယခုကဲ့သို့ မွတ်ဆလင်လူမျိုးများ၏ အစ္စလာမ်ဘာသာရေးပွဲတော်များအား လွတ်လပ်စွာ ပြုလုပ်ပေးခဲ့ခြင်းမရှိသည့်အပြင် ဒေသတွင်း မွတ်ဆလင်များကိုပါ သွားလာရေး ကန့်သတ်ထားမှုများရှိခဲ့ကြောင်း ဒေသခံမွတ်ဆလင် လူကြီးတစ်ဦးက ပြောဆိုသည်။
"ခေတ်အဆက်ဆက် ကျွန်တော်တို့ရဲ့ ဘာသာရေးပွဲတွေမှာ လူငယ်တွေ လွတ်လပ်စွာပျော်ပါးလို့ မရရှိခဲ့ကြပါဘူး။ အခု အာရက္ခတပ်တော် AA လက်ထက်မှာ လွတ်လပ်စွာပျော်ပါးနိုင်တာ တွေ့ရပါတယ်" ဟု ဆိုသည်။
လက်ရှိတွင် AA သည် မောင်တောဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံလူမျိုးခြားအချင်းချင်း ပဋိပက္ခမဖြစ်ပွားရအောင်လုပ်ဆောင်ပေးနေသလို ဒေသလုံခြုံရေးအတွက် ကင်းလှည့်မှုများနှင့် ရာဇဝတ်မှုများအား ဖြေရှင်းပေးလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကူရ်ဘာနီအီးဒ်ပွဲတော်အခါသမယတွင် ရခိုင်ပြည်အတွင်းရှိ မောင်တောအပါအဝင် ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့ရှိ မွတ်ဆလင်ပြည်သူများအား အာရက္ခပြည်သူ့အစိုးရက အသားအလှူပွဲများကိုလည်း ကျင်းပခဲ့သလို ပွဲတော်တွင် အသုံးပြုမည့် နွားသတ်ခွန်ကိုလည်း ကင်းလွတ်ခွင့်ပြုခဲ့သည်ဟု သိရှိရသည်။
ဓာတ်ပုံ - မောင်တောတွင် ကူရ်ဘာနီအီးဒ်ပွဲတော်ကာလအတွင်းတွေ့ရသည့် မွတ်ဆလင်လူငယ်များအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။