Preview

ဂွနှင့် ကျိန္တလီတွင် မျိုးစပါးနှင့် လယ်ယာသုံးကိရိယာများရှားပါး၍ ယခုနှစ် စပါးစိုက်ရန် အခက်တွေ့နေ

သဉ္ဇာနွယ် | ဇွန် ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :1746
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၀/၂၀၂၅

ရခိုင်ပြည်၊ ဂွမြို့နှင့် ကျိန္တလီမြို့နယ်တို့တွင် မျိုးစပါးနှင့် လယ်ယာသုံးကိရိယာပစ္စည်းများရှားပါး၍ ယခုနှစ် စပါးစိုက်ပျိုးရန် လယ်သမားများအခက်တွေ့နေကြကြောင်း သတင်းရရှိသည်။

ဂွမြို့ဧရိယာဝန်းကျင်နှင့် ကျိန္တလီမြို့နယ်မှ ရွာပေါင်း ၂၀ ထက်မနည်းတွင် ယခုနှစ်မိုးရာသီအတွင်း မျိုးစပါးနှင့် လယ်ယာသုံးပစ္စည်းကိရိယာများရှားပါး၍ စပါးစိုက်ပျိုးနိုင်သူနည်းပါးနေသည်ဟု ဂွမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကျိန္တလီနဲ့ ဂွမှာ တိုက်ပွဲဖြစ်တုန်းက ဒေသခံတွေအများစုက ဧရာဝတီဖက်၊ ရန်ကုန်ဖက်ကိုပြေးကြတယ်။ ရှေ့တိုးပြီးပြေးကြတာပေါ့။ အဲဒီမှာ အိုးအိမ်၊ လယ်ယာတွေထားပြီးပြေးတယ်။ ဂွကိုသိမ်းတော့လည်း ချက်ချင်းပြန်လာလို့ မရသေးဘူး။ ဧရာဝတီတစ်လျှောက် တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ အချိန်က ကြာသွားတာ။ ပြန်ဝင်လာတော့ အရင်စိုက်ခဲ့တဲ့စပါးတွေလည်း ဆုံးရှုံး။ စပါးမျိုးစေ့လည်း မရှိ။ ကျွဲနွားတွေက ပျောက်တာကပျောက်။ မိုင်းနင်းပြီး သေတာကသေ။ ဒါကြောင့် ဒီနှစ်က စပါးက မစိုက်နိုင်သလောက်ပဲ။ ‌တော်တော်အခက်အခဲဖြစ်နေတာ။ စက်တွေကလည်း မစုံတော့ဘူး" ဟုပြောသည်။

ကျိန္တလီမြို့နယ်မှ ချင်းကွင်း၊ ကိုင်းတော၊ ကျိန္တလီ၊ ကိုင်းခုံ၊ ရတနာမြိုင်၊ ကံပေါက်၊ မော်ရွှေချိုင်၊ ဆပ်သွား၊ ကမ်းသာယာ၊ ကျောက်ချ၊ ရွှေအုပ်ကွင်း၊ လောင်းကျိုး၊ ညောင်ချောင်း၊ ဇီးခုံ၊ တန်းတော၊ ရဟိုင်းကူးတိုး၊ ရွာသစ်ကုန်း၊ အလယ်ချောင်း၊ ရဟိုင်းဖျား၊ မြွေတွေ့နှင့် ဂွမြို့ပတ်ဝန်းကျင်၊ မကျီးဇင်၊ ဘောမိကမ်းခြေစသည့် ကျေးရွာများမှ လယ်သမားများ အခက်ခဲကြုံနေရခြင်းဖြစ်‌ကြောင်း သိရသည်။

ဂွနှင့် ကျိန္တလီနယ်ဖက်ရှိ ဒေသခံများမှာ ဝမ်းစာစပါးသာစိုက်ပျိုးပြီး သိုလှောင်မှုနည်းပါးသည်က တစ်ကြောင်း၊ တိုက်ပွဲကြောင့် လယ်ယာမြေများပျက်စီးကာ စပါးမရိတ်သိမ်းနိုင်ခဲ့သည်ကတစ်ကြောင်းစသည့် အမျိုးမျိုးသော အခက်အခဲများကြောင့် ယခုနှစ်တွင် မျိုးစပါးများ ရှားပါးနေခြင်းဖြစ်သည်။

ယင်းကြောင့် ဝမ်းရေးအတွက် စိုးရိမ်စရာအခြေအနေရှိနေသည်ဟု ဆပ်သွားကျေးရွာမှ စစ်ရှောင်လယ်သမားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဂွတို့၊ ကျိန္တလီတို့ဖက်မှာက ကျောက်တော်၊ မြောက်ဦးဖက်တွေလိုမျိုး စပါး‌တွေအများကြီးစိုက်တာမဟုတ်ဘူး။ ပြီးရင် အများစုက တပိုင်တနိုင်လေးစိုက်ကြ၊ သိုလှောင်ကြတာပေါ့။ ဒါကြောင့် ဒီဖက်ကလူတွေက ပိုပြီးအခက်ခဲကြုံရတာပါ" ဟု ပြောသည်။

ဂွမြို့နယ်တွင် စစ်ဘေးရှောင်အများအပြားသည် စစ်ရှောင်စဉ်က စိုက်ပျိုးထားခဲ့သည့် စပါးများကို မရိတ်သိမ်းခဲ့ရ၍ ယခု နေရပ်ပြန်ရောက်လာချိန်တွင် စားဝတ်နေရေးကျပ်တည်းလာသဖြင့် အမှည့်လွန်၊ ကျိုးကျနေသည့် စပါးများကို ထောင်းကာ စားသောက်ခဲ့ကြရကြောင်း သိရသည်။

ဂွမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်ရှိ ကျေးရွာများတွင် စပါးခင်းအများအပြားလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဂွမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် ဂွဒေသခံများမှာ အလုပ်အကိုင်ရှားပါးသည့်အပြင် ငါးဖမ်းထွက်ပါကလည်း သံတွဲပင်လယ်ပြင်ရှိ စစ်ကောင်စီ၏နေဗီပေါ်မှ လက်နက်ကြီး/ငယ်များမကြာခဏလှမ်းပစ်သည့်အတွက် ကျီးလန့်စာစားနေရပြီး ဘဝရပ်တည်ရေးအတွက် အခက်ခဲနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ရခိုင်ရှိ မြို့နယ်တစ်ခုတွင် လယ်ယာစတင်ထွန်ယက်နေသည်ကို မကြာသေးခင်က တွေ့ရစဉ်။

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စိုက်ပျိုးရေး#လယ်ယာ#ဆန်/ စပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.