(ရဲတပ်ရင်း ခြံစည်းရိုးဝအနားထိတိုက်ပွဲပြင်းနေ)
နိရဉ္စရာ၊ ဇွန် ၁၀/၂၀၂၅
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ် စစ်မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကျအဆုံးအများအပြားဖြင့် သူတို့၏ ခံစစ်တည်ရှိရာ အမှတ်(၃၂)ရဲတပ်ရင်းသို့ ဆုတ်ခွာထွက်ပြေးနေကြသည်ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ကျောက်ဖြူဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " ရဲတပ်ရင်းဝန်းကျင်ကို သူတို့ ကြည်း၊ရေ၊လေသုံးပြီးအေအေကိုတိုက်နေတာ။အေအေကပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တော့ စစ်ကောင်စီဖက်က အကျအဆုံးများပြီး ရဲတပ်ရင်းထဲ ကိုဝင်ပြေးနေကြတယ်။ အခု ခြံစည်းရိုးဝအနားထိတိုက်ပွဲပြင်းနေတယ်" ဟုနိရဉ္စရာကို ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)အားစစ်ကောင်စီက ကြည်း၊ရေ၊လေ သုံးမျိုးဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင်AA ၏ တန်ပြန်ထိုးစစ်ကို မခုခံနိုင်ဘဲ တပ်ဆုပ်ထွက်ပြေးနေရခြင်းဖြစ်သည်ဟု၎င်းက ပြောဆိုသည်။
တပ်ဆုတ်ခွာထွက်ပြေးလာသော အမှတ်(၃၂)ရဲတပ်ရင်းကိုစစ်ကောင်စီဖက်မှ အင်အားအလုံးအရင်းဖြင့် ခုခံကာကွယ်နေပြီးလေကြောင်းကနေ အဓိကပစ်ကူပေးနေသည်ဟုကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" အဓိကဒရုန်းနဲ့လေကြောင်းကိုအသုံးပြုပြီး စစ်တပ်ဘက်က တိုက်တယ်။ မိုးနည်းနည်းစဲရင်လေကြောင်းကအဓိကပစ်တယ်။လေတိုက်ပြီး မိုးရွာတဲ့အခါလှိုင်းကြီးရင်တော့ နေဗီတွေကနေဘာမှပစ်ကူပေးလို့ မရဘူး။ ဒါပေမယ့် ရေတပ် မြေပြင်လက်နက်အထိုင်ချထားတဲ့နေရာတွေကနေပစ်တယ်" ဟုပြောသည်။
စစ်ကောင်စီ၏ အမှတ်(၃၂)ရဲတပ်ရင်းတွင် နှစ်ဖက်အပြန်အလှန်စစ်ရေးတင်းမာနေပြီး၎င်းရဲတပ်ရင်းသည် မကြာခင် (AA)လက်ထဲကျရောက်နိုင်သည်ဟု စစ်ရေးလေ့လာသူများကခန့်မှန်းထားကြသည်။
စစ်ကောင်စီဖက်ကလည်း အမှတ်(၃၂)ရဲတပ်ရင်းမကျစေရေးအတွက် (AA)ကိုအသည်းအသန်ခုခံပြီး တိုက်ခိုက်နေသော်လည်းစစ်ကောင်စီဘက်က အကျအဆုံးများနေပြီး စစ်သားများ စိတ်ဓာတ်ပျက်ပြားကာ၊ လက်နက်ချမှု၊ ထွက်ပြေးမှုများနေသည်ဟု သိရှိရသည်။
ယမန်နေ့ ဇွန်လ (၉)ရက် နေ့ကလည်း ဂုံးချွိန်တိုက်နယ် အမှတ်(၃၂)ရဲတပ်ရင်းအနီးအနားဝန်းကျင်၊ပြိုင်းစေ့ကေ့နှင့် (AA)သိမ်းပိုက်ထားသည့်နှမ်းဖဲတောင်၊မင်းတက်တောင်အပါအဝင် မလကျွန်း ဧရိယာတဝိုက်ကို ဂျက်ဖိုက်တာနှင့် Y-12 နှစ်မျိုး ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ရေကြောင်းကပါပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။