(လေယာဉ်လက်မှတ်မရ၍ ခရီးသည် ၄ဝဝ ခန့် ကျောက်ဖြူတွင် သောင်တင်နေ)
မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၁ /၂ဝ၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် တိုက်ပွဲများကြောင့် ပွဲစားများဈေးကစားရာမှ ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ် ၁၁ သိန်းအထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေသည်ဟု ခရီးသည်များက ပြောသည်။
ယနေ့ ဇွန်လ ၁၁ ရက်၊ ညနေပိုင်းစုံစမ်းချက်အရ သက်ဆိုင်ရာလေကြောင်းလိုင်းများမှ သတ်မှတ်ပေါက်ဈေးမှာ ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ် ငါးသိန်းနှင့်အစွန်းသာရှိသော်လည်း ပွဲစားများ၏ ဈေးကစားနေမှုတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ အဆမတန်မြင့်နေခြင်းဖြစ်သည်ဟု ခရီးသွားပြည်သူများက ပြောသည်။
မကြာသေးခင်က လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ် ၁၁ သိန်းပေးဝယ်ပြီး ရန်ကုန်သို့ သွားခဲ့ရသည့် ခရီးသွားအမျိုးသမီးတစ်ဦးက “ပွဲစားတွေကနေ ဝယ်ရတာ။ အဲဒီလက်မှတ်ရဖို့အရေးကို စာတွေတင်ရတယ်။ ဟိုမှာ ကန်တော့၊ ဒီမှာ ကန်တော့နဲ့ ကန်တော့ရတယ်။ ဟိုကိုပေး၊ ဒီကိုပေးနဲ့ အဲလိုမျိုး။ မဟုတ်ရင် လက်မှတ်ရနိုင်ဖို့ ကြာမယ်”ဟု နိရဉ္စရာကို ပြောသည်။
ကျောက်ဖြူမှ ရန်ကုန်သို့ ခရီးသည်အနည်းအများအပေါ်မူတည်၍ တစ်နေ့လျှင် လေယာဉ် သုံးစီးခန့် နေ့စဉ် ပုံမှန်ပျံသန်းပြေးဆွဲပေးနေသည်ဟု ရန်ကုန်ရှိ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယနေ့ညနေပိုင်းတွင် နိရဉ္စရာကို ပြောသည်။
သို့သော် လက်မှတ်ဝယ်ယူသည့်ခရီးသည်များကို ပွဲစားများက လေယာဉ်ခရီးစဉ် နေ့တိုင်းမရှိ၍ ဦးရာလူစနစ်ဖြင့်သာ ရောင်းချနေရခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုကာ လက်မှတ်ဈေးနှုန်းများကို မြှင့်တင်ရောင်းချနေခြင်းဖြစ်သည်ဟု ခရီးသည်များက ပြောသည်။
လက်ရှိတွင် ရန်ကုန်သို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမည့် ခရီးသည် ၄ဝဝ ခန့်သည် လေယာဉ်လက်မှတ်မရသေး၍ ကျောက်ဖြူမြို့အပါအဝင် အနီးတဝိုက်ကျေးရွာများတွင် သောင်တင်နေကြရသည်ဟုလည်း သိရသည်။
အဆိုပါခရီးသည် ၄ဝဝ ခန့်တွင် ကျောက်ဖြူမြို့အနီး တိုက်ပွဲကျရောက်လာနေသည့်အတွက် မြို့ပေါ်နှင့် မြို့နယ်တွင်းမှ စစ်ဘေးတိမ်းရှောင်သည့် ဒေသခံများလည်း ပါဝင်သလို ကျန်းမာရေးမကောင်းမွန်၍ ရန်ကုန်သို့ သွားရောက်ဆေးကုသကြရမည့် ရခိုင်ပြည်အရပ်ရပ်မှ မကျန်းမာသူများလည်း ပါဝင်သည်ဟု သိရသည်။
ယင်းသို့ အခက်အခဲကျရောက်နေသည့်ရခိုင်လူထုကို လေယာဉ်လက်မှတ်ပွဲစားများက ခေါင်းပုံဖြတ်ကာ လေယာဉ်လက်မှတ်များအား အမြတ်ကြီးစား ရောင်းချနေကြခြင်းဖြစ်သည်ဟုလည်း ခရီးသည်များက ပြောသည်။
လေကြောင်းခရီးသည်အမျိုးသမီးတစ်ဦးက “၁၅ သိန်းပေးပြီး ဝယ်ဖို့ စောင့်နေကြတဲ့သူတွေလည်း အများကြီး။ တစ်ယောက်နဲ့တစ်ယောက် အလုအယက် စောင့်နေကြတာ”ဟု ပြောသည်။
ယခုကဲ့သို့ ပွဲစားများက ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များလည်း ပါဝင်ပတ်သက်နေသည့်အတွက် တစ်စုံတရာထိန်းချုပ်မှုလုပ်ပေးခြင်းမရှိဟုလည်း ဆိုကြသည်။
လက်ရှိတွင် တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူ၌ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲမှာ မြို့နှင့် ခြောက်မိုင်ခန့်အကွာသို့ရောက်ရှိလာနေပြီဖြစ်ပြီး တိုက်ပွဲများလည်း နေ့စဉ်နေ့တိုင်း ပြင်းထန်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်စခန်းများနှင့် အနီးအနားကျေးရွာများနှင့် မြို့နယ်တွင်းရှိ ကျေးရွာအများအပြားကိုလည်း စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းတို့ကပါ လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာနေသည်နှင့်အမျှ မြို့ပေါ်နှင့် မြို့နယ်တွင်းမှ ဒေသခံများသည်လည်း ရန်ကုန်အပါအဝင် ပြည်မဘက်သို့ လေကြောင်းခရီးတစ်ခုတည်းဖြင့်သာ သွားရောက် စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်တစ်ပြည်လုံးကို မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ကုန်းလမ်းနှင့် ရေလမ်းတို့အား ဖြတ်တောက်ပိတ်ဆို့ထားပြီး လေကြောင်းလိုင်းတစ်ခုတည်းကိုသာ ဖွင့်လှစ်ပေးထားသည်။
ရခိုင်ရှိ ခရီးသည်တင်လေယာဉ်ခရီးစဉ်များရှိသည့် ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင်၊ စစ်တွေနှင့် အမ်းမြို့များအနက် စစ်ကောင်စီထိန်းချုပ်ထားဆဲ ကျောက်ဖြူနှင့် စစ်တွေနှစ်မြို့တည်းတွင်သာ ခရီးသည်တင်လေယာဉ်ခရီးများရှိတော့သည်။
စစ်ကောင်စီထိန်းချုပ်ထားဆဲနောက်ထပ်တစ်မြို့ဖြစ်သည့် မာန်အောင်မြို့နှင့် AA ထိန်းချုပ်ထားသည့် သံတွဲနှင့် အမ်းမြို့များတွင် ခရီးသည်တင်လေကြောင်းခရီးစဉ်များမရှိတော့ပေ။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။