Preview

ရခိုင်တွင် ဆိုင်ကယ်မတော်တဆမှု ပိုမိုဖြစ်ပွားလာပြီး သေဆုံး၊ ဒဏ်ရာရသူများလည်း တိုးလာနေ

မောင်စာဂ | ဇွန် ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :2401
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၂ /၂ဝ၂၅

ရခိုင်ပြည်တွင် ယခုနောက်ပိုင်း ဆိုင်ကယ်မတော်တဆမှုများ ပိုမိုဖြစ်ပွားလာပြီး သေဆုံး၊ ဒဏ်ရာရသူဦးရေများလည်း တိုးလာနေသည်ဟု သိရသည်။

ယခုတစ်ပတ်အတွင်း ဆိုင်ကယ်မတော်တဆမှုဖြစ်၍ ပုဏ္ဏားကျွန်းမြို့မှ လူငယ်အမျိုးသမီးတစ်ဦးနှင့် မင်းပြားမြို့မှ အသက် ၅ဝ ကျော် အမျိုးသားတစ်ဦးတို့သေဆုံးပြီး ကျောက်တော်မြို့နယ်မှ အသက် ၃ဝ ကျော် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်တင်(ခေါ်)မောင်တင်ဝင်း (၅၈)နှစ်နှင့် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ မမြတ်မြတ်(ခေါ်)မမေမြတ်သူ(၂ဝ) နှစ်တို့ဖြစ်ကြသည်။

သေဆုံးသူများအနက် မင်းပြားမြို့မှ ဦးမောင်တင်(ခေါ်)မောင်တင်ဝင်းသည် ယမန်နေ့ ဇွန် ၁၁ ရက်၊ နံနက်ပိုင်းတွင် မင်းပြားမြို့မှတဆင့် ရေငန်ဆည်ရွာသို့ ဆိုင်ကယ်ဖြင့်သွားပြီး ပြန်လာစဉ် ဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်မှုကြောင့် တိမ်းမှောက်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့မှ မမြတ်မြတ်(ခေါ်)မမေမြတ်သူသည် ဇွန်လ ၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ယိုးတရုတ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်အပြန် အိန္ဒိယသုံးဘီး (ဒေသအခေါ်) တုတ်တုတ်တစ်စီးကို တိုက်မိမှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“တုတ်တုတ်နဲ့ ရှေ့ဆင့်နောက်ဆင့်သွားတာပါ။ အကွေ့မှာ တုတ်တုတ်က ကွေ့ပစ်လိုက်တယ်။ နောက်က မောင်းလာတာကလည်း အရှိန်နဲ့ ဘရိတ်မမိဘူးတဲ့။ ဆိုတော့ တုတ်တုတ်နဲ့ တိုက်မိသွားတယ်။ ပွဲချင်းပြီး ဆုံးသွားပါတယ်”ဟု ပြောသည်။

သေဆုံးသွားသည့် မမြတ်မြတ်(ခေါ်)မမေမြတ်သူသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူမှုကူညီရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အသင်းဝင်တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

ဒဏ်ရာရသွားသည့် အမျိုးသားသည်လည်း ဇွန်လ ၂ ရက်၊ နံနက်ပိုင်းတွင် ကျောက်တော်မြို့နယ်ရှိ စစ်တွေ-ရန်ကုန်ပြည်ထောင်စုကားလမ်းမပေါ် ဆိုင်ကယ်ဖြင့်သွားစဉ် သင်္ဂနက်ကျေးရွာအနီး ထိန်းကျောင်းသူမရှိဘဲ လမ်းမပေါ်လွှတ်ကျောင်းထားသည့် နွားကိုဝင်တိုက်မိမှုကြောင့် ညာဘက်လက်၊ ညာဘက်လက်မောင်းနှင့် ဘေးစောင်းတို့တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ကာယကံရှင်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်ကလည်း အမျိုးသားတစ်ဦးသည် မင်းပြားမြို့မှ သူဌေးကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားစဉ် လမ်းဖြတ်ကူးနေသော လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တိုက်မိသဖြင့် အဆိုပါမိန်းကလေးငယ်တွင် ဘယ်ဘက်ပေါင်ကျိုးသွားသည့်အပြင် ဦးခေါင်းနှင့် ခန္ဓာကိုယ်၌လည်း အတွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်ကလည်း မင်းပြား-မြေပုံကားလမ်းကြားတွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွား၍ ဆိုင်ကယ်မောင်းနှင်သည့် မင်းပြားမြို့မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသည့် နောက်တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၃၁ ရက်ကလည်း မင်းပြားမြို့တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား၍ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ် မဖြစ်မနေဆောင်းရန် လိုအပ်သလို အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်ခြင်းမှ ရှောင်ရှားရန်လိုအပ်သည်ဟု ဒေသခံများက အကြံပြု ပြောသည်။

အလားတူ ဒေသခံများအနေဖြင့်လည်း ယာဉ်ကြီး၊ ယာဉ်ငယ်များနှင့် အများပြည်သူသွားလာသည့် လမ်းမကြီးများတွင် သတိမဲ့ဖြတ်သန်းသွားလာလှုပ်ရှားခြင်းများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကို ထိန်းကျောင်းသူမပါဘဲ လွှတ်ကျောင်းထားခြင်းများကို သတိထားရှောင်ရှားသင့်သည်ဟုလည်း ဆိုကြသည်။

ဓာတ်ပုံ - ဇွန်လ ၅ ရက်က ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသွားသည့် ပုဏ္ဏားကျွန်းမြို့မှ မမြတ်မြတ်(ခေါ်)မမေမြတ်သူ၏ နာရေးမြင်ကွင်း။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.