သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၂/၂၀၂၅
ရခိုင်ပြည်နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် ရိုးလမ်းပေါ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ တရစပ်ဗုံးကြဲ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်၊ အမ်းနှင့် မကွေးတိုင်း၊ ပဒါန်းလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA)သိမ်းထားသည့်နေရာများနှင့် နတ်ရေကန်နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာတပ် တောင်အောက်ပတ်ဝန်းကျင်ကို မကွေးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)နှင့် ပဒါန်းမြို့၊ ဆုံကုန်းအမြောက်တပ်တို့မှ ထပ်မံစစ်ကြောင်းထိုးလာပြီး AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။
ယင်းသို့ စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေမှုကြောင့် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့မှစ၍ ယနေ့ ဇွန်လ ၁၂ ရက်နေ့ထိ တိုက်ပွဲမှာ ဆက်လက်ပြင်းနေသည်ဟု အမ်းဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မနေ့ကနေ ပြန်စတာ။ ဇွန်လ ၈ ရက်နေ့ကလည်း စစ်ကြောင်းထိုးပြီးတိုက်တယ်။ စစ်ကောင်စီဖက်က နောက်ဆုတ်ထွက်ပြေးတယ်။ ပြီးရင် နှစ်ရက်လောက်နားပြီး စစ်ကူစစ်ကြောင်းထပ်ပို့ပြီး AA သိမ်းထားတဲ့နေရာတွေကို စစ်ကြောင်းထိုးတယ်။ ပြန်ယူဖို့ကြိုးစားတယ်။ AA က ခုခံပြီး ပြန်တိုက်လို့ တိုက်ပွဲကပြင်းနေတယ်။ ဒရုန်း၊ ဗုံး၊ လက်နက် အသားကုန်ကြဲနေတယ်"ဟု ပြောသည်။
နတ်ရေကန်စခန်းတောင်ကြောရှိ MPT တာဝါတိုင်စခန်းကုန်းတစ်ခုလုံးအား ဇွန်လ ၃ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
MPT တာဝါတိုင်စခန်းကုန်းသိမ်းပိုက်ခံရပြီးနောက် နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်သည် AA ၏ ပိတ်ဆို့ခြင်းကိုခံနေရပြီး စစ်ကူတက်လာသည့် စစ်ကြောင်းများနှင့် AA တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ သေဆုံးမှုများနေပြီး ထွက်ပြေးနေကြရသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
"လေကြောင်းရန်ကာကွယ်ရေးတပ်ကို AA က ပိတ်ဆို့ထားတယ်။ စစ်ကောင်စီဖက်က မကွေးဖက်က စစ်ကြောင်းထိုးတယ်။ မနေ့ကဆိုရင် နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်တောင်ထိပ်က စစ်သားတွေလည်း ဝင်တိုက်တယ်။ ဒီနေ့ တစ်ကောင်မှမဆင်းရဲဘဲ သေဆုံးမှုတွေများတယ်" ဟု ပြောသည်။
ထိုးစစ်ရောက်လာသည့် စစ်ကောင်စီ၏စစ်ကြောင်းများကို နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းဗျူဟာကုန်း၊ ပဒါန်း၊ ဆုံကုန်းအမြောက်တပ်မှ လက်နက်ပစ်ကူပေးကာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲနေကြောင်း သိရသည်။
AA သိမ်းပိုက်ထားသည့် MPT တာဝါတိုင်စခန်းကုန်းကိုလည်း ဇွန်လ ၈ ရက်တွင် အင်အား (၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးကာ မကွေးလေတပ်မှ ဂျက်ဖိုက်တာ၊ ပဒါန်းအမြောက်တပ်မှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း AA ၏ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် နောက်ဆုတ်ထွက်ပြေးသွားခဲ့ရသည်။
AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်နှင့် မကွေးနယ်စပ် ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်လေကြောင်း ရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (ပြည်သူ့စစ်)သုံးဦးအား ချင်းကာကွယ်ရေးတပ် - အရှို (ACDF)တပ်ဖွဲ့က ဇွန်လ ၁၀ ရက်တွင် လက်နက်များအတူ ဖမ်းဆီးမိခဲ့ကြောင်း ACDF က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ - စစ်ကောင်စီ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။