မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၃ /၂ဝ၂၅
ရခိုင်ပြည်သို့ ပို့ဆောင်မည့် ငွေကျပ် ၈ ဒသမ ၁၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့တစ်ခုအား ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။
အဆိုပါမူးယစ်ဆေးများနှင့် မူးယစ်မှောင်ခိုဂိုဏ်းကို ဇွန်လ ၄ ရက်မှ ၇ ရက်အတွင်း ပြည်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်ရှိ မင်္ဂလာဒုံမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ယနေ့ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီး၌ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် အောင်ဇော်ဦး မောင်းနှင်သည့် တိုယိုတာ ပါရာဒို မော်တော်ယာဉ်ပေါ်မှ ဘိုဘိုအောင် မောင်းနှင်ပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုးတို့ လိုက်ပါလာသည့် အိုင်ဇုန်မော်တော်ယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်နေသည်ကို ရှာဖွေစစ်ဆေးခဲ့ရာ သူတို့လေးဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကို ကနဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်ဦး ငှားရမ်းနေထိုင်သည့် ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းရှိနေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ကျော်ဇင်နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၈၈၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သိန်းဌေးနှင့် သူ၏ ဇနီး နန်းခမ်းဖိန်တို့အား ဇွန်လ ၆ ရက်၊ ညနေ ၃ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် တိုယိုတာ လန်ခရူဇာ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၇ ရက်၊ နံနက် ၉ နာရီတွင် စိုင်းဗညားမြင့်အောင်(ခ)ပီးပီး(ခ) စစ်ကားနှင့် မင်းလွင်ဦးတို့နှစ်ဦးအား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ စွယ်တော်စီးတီးအိမ်ရာရှိ ကားပါကင်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေ ၈ ဒသမ ၁၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ ဒသမ ၈၈၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါမူးယစ်ဆေးများအား ရှမ်းပြည်နယ်မှ ရခိုင်ပြည်သို့ တင်ပို့ရောင်းချခြင်းဖြစ်ပြီး တင်ပို့ရောင်းချသူမှာ ရှမ်းပြည်နယ်၊ ကျေးသီမြို့နယ်၊ ဝမ်ဟိုင်းနေ ထွန်းစီနှင့်ဇနီး နန်းရွှေရင်(ခ)နန်းမိုင်းခမ်း(ခ)နန်းခမ်းကြာတို့ဖြစ်သည်ဟု သိရသည်။
သူတို့၏ အစီအမံဖြင့် ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမှ ပြည်မြို့သို့ သယ်ဆောင်ပြီး ပြည်မြို့တွင် သိန်းဌေးနှင့် အောင်ဇော်ဦးတို့က နေအိမ်ငှားရမ်းသိုလှောင်ထားရှိကာ ရခိုင်ပြည်သို့ တစ်ဆင့်ပြန်လည်တင်ပို့ပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်က ဆိုသည်။
အလားတူ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကာ ရခိုင်ပြည်မှ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရောင်းဝယ်သူမှာ ထင်ထင်ကျော်(ခ)ရခိုင်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိသည်ဟု သိရသည်။
ယင်းအပြင် အဆိုပါမူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသောတရားခံများကို မူးယစ်ဥပဒေအရ သုံးဂရမ်ထက်များလျှင် ပုဒ်မ ၁၉(က)အရ ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်ပြီး သုံးဂရမ်အောက်နည်းလျှင် ထောင်ဒဏ် ငါးနှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်တွင် ရခိုင်သို့ပို့မည့် ကျပ် ၁ ဒသမ ၅၃ ဘီလီယံခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးများနှင့်အတူ ပါဝင်ပတ်သက်သူ ရှစ်ဦးကိုလည်း ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
တရုတ်-မြန်မာနယ်စပ်နှင့် ရွှေတြိဂံဒေသတို့ဘက်မှ ထုတ်လုပ်သည့် မူးယစ်ဆေးများကို မူးယစ်မှောင်ခိုဂိုဏ်းများက မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်ကာ ရခိုင်ပြည်သို့ ကုန်းလမ်းအပြင် ပင်လယ်ရေကြောင်းလမ်းတို့မှ တင်ပို့ကြပြီး ထိုမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေကြခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - စစ်ကောင်စီ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။