Preview

AA ၏ တိုက်ခိုက်မှုကြောင့် ငသိုင်းချောင်း အမြောက်တပ်(၃၄၄)မှ စစ်ကောင်စီတပ်သားများ အကျဆုံးများဖြင့် ဆုတ်ခွာထွက်ပြေးနေရ

သဉ္ဇာနွယ် | ဇွန် ၁၃/ ၂၀၂၅ | ကြည့်ရှုသူ :4656
ရခိုင် သတင်း

(အမြောက်တပ်(၃၄၄)ကို သိမ်းပိုက်သည့်သတင်းလည်း ထွက်ပေါ်နေ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၃/၂၀၂၅

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ အာရက္ခတပ်တော်(AA)ဦးဆောင်တိုက်ခိုက်နေသည့် ရေကြည်မြို့နယ်၊ ငသိုင်းချောင်း-ဂွလမ်း ပေါ်တွင်ရှိသည့် အမြောက်တပ်(၃၄၄)မှ စစ်ကောင်စီတပ်သားများမှာ အကျအဆုံးအထိနာမှုများနေ၍ ဖရိုဖရဲဆုတ်ခွာထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

အမြောက်တပ်(၃၄၄)မှ စစ်ကောင်စီတပ်သားများမှာ AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏တိုက်ခိုက်မှုစွမ်းရည်ကြောင့် ထိခိုက်သေဆုံးမှုများပြီး အမြောက်တပ်၏ ထွက်ပေါက်ဝသို့ ဖရိုဖရဲ ဆုတ်ပြေးနေရသည်ဟု ဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"စစ်ကောင်စီတပ်သားတွေက ထိခိုက်ကျဆုံးမှုများလို့ ထွက်ပေါက်ရှာနေရတဲ့အနေအထားရှိတယ်။ မနေ့ကအထိ ဖရိုဖရဲနဲ့ အုပ်စုလိုက်ထွက်ပေါက်ကိုရှာပြီး စစ်ကူကိုစောင့်နေတယ်" ဟုပြောသည်။

ယင်းအပြင် အဆိုပါအမြောက်တပ်(၃၄၄)တပ်ရင်းအားသိမ်းလိုက်ပြီဟု ဒေသအတွင်းသတင်းများထွက်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ရေကြည်မြို့နယ်၊ ငသိုင်းချောင်းနှင့် ၁၀ မိုင်ခန့်သာဝေးသည့် အမြောက်တပ် (၃၄၄)အတွင်းထဲကို ဇွန်လ ၁၂ ရက်နေ့မှစပြီး AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင် အမြောက်တပ်(၃၄၄)သို့ ၁၀ မိုင်ခန့်သာဝေးသည့် ကျုံပျော်အခြေစိုက် ခလရ-၃၆ မှ စစ်ကူတက်လာနေသည်ဟု သိရသည်။

အဆိုပါစစ်ကူစစ်ကြောင်းများနှင့် AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည်လည်း ငသိုင်းချောင်း၊ ရေနံသာကျေးရွာအနီးအနားတွင် အပြန်အလှန်ပစ်ခတ်မှုရှိနေသည်ဟု ဂွဒေသခံစစ်ရှောင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ကူတက်လာတဲ့စစ်ကြောင်းတွေက အမြောက်တပ်ပတ်ဝန်းကျင်က ရေနံသာရွာအနီးထိရောက်လာလို့ အဲဒီမှာလည်း အပြန်အလှန်ဖြစ်နေတယ်။ လက်နက်ငယ်သံတွေကြားရတယ်" ဟုပြောသည်။

စစ်ကောင်စီ၏ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ-၃၆ တပ်ရင်းသည် ရခိုင်ပြည်၊ ရမ်းဗြဲမြို့သိမ်းတိုက်ပွဲနှင့် ဂွမြို့သိမ်းတိုက်ပွဲတွင်လည်းပါဝင်ခဲ့ပြီး အသေအပျောက်များခဲ့ကြောင်း AA က ပြီးခဲ့သည့် ၂၀၂၄ အတွင်း မြို့သိမ်းတိုက်ပွဲများသတင်းထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

ဓာတ်ပုံ - AA Info Desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.