မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၃/ ၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ကျန်းမာရေးအတွက်ရည်ရွယ်ကာ “စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း”ကို စတင်တည်ဆောက်နေပြီဟု သိရသည်။
အဆိုပါဆေးခန်းကို ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်များနှင့် ဒေသခံများ ဆေးခန်းလာရောက်ပြသရန် လက်လှမ်းမီနိုင်သည့်တစ်နေရာတွင် ဇွန်လပထမပတ်မှစတင်တည်ဆောက်နေခြင်းဖြစ်သည်။
ဇွန်လအတွင်း အပြီးတည်ဆောက်ပြီး ဆေးခန်းစတင်ဖွင့်လှစ်နိုင်ရေး ကြိုးစားနေသည်ဟု စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း၏ တွဲဘက်တည်ထောင်သူ ကိုဇင်မျိုးက နိရဉ္စရာကို ပြောသည်။
“အဲဒီစစ်ရှောင်ပြည်သူတွေမှာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ စစ်ရှောင်နေကြရတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အများကြီးလိုအပ်နေတာတွေကို တွေ့ရတယ်။ အဲဒီမှာ အခုအချိန်မှာ ဆေးဝါးတွေလည်း အဆင်မပြေတဲ့အချိန်ဖြစ်တယ်။ တချို့တလေမှာ ဆေးဝါးတွေရှိတယ်ဆိုရင်လည်း စစ်ရှောင်ပြည်သူတွေအနေနဲ့ ပိုက်ဆံမရှိဘူး။ ပိုက်ဆံမရှိလို့ ဆေးတွေမကုရဘူး။ အဲလိုအခက်အခဲအများကြီးကို တွေ့မြင်ခဲ့ရတယ်။ အရင်တစ်ခေါက်တုန်းက အဆိုတော်အာရ်ကြီးအနေနဲ့ ကျောက်ဖြူ၊ ရမ်းဗြဲနယ်တွေမှာ စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီခဲ့တဲ့အခါ အဲလို အခက်အခဲတွေရှိနေတယ်ဆိုတာကို မြင်ခဲ့တဲ့အတွက် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း(၂)လို့နာမည်ပေးထားတဲ့ဆေးခန်းကို စတင်ပြီးတော့ တည်ဆောက်နေရတာဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါဆေးခန်းကို အာရက္ခအလင်း ပရဟိတအသင်းက ကျပ်သိန်း ၁၅ဝ မတည်ငွေဖြင့် စတင်တည်ဆောက်နေခြင်းဖြစ်သည်။
အဆိုပါဆေးခန်းကို ပြည်တွင်းပြည်ပအလှူရှင်များ၏ထောက်ပံ့ငွေများဖြင့် ရပ်တည်တည်ဆောက်နေရခြင်းဖြစ်သည့်အတွက် လာရောက်ကုသသူများအနေဖြင့် ဆေးဖိုးဝါးခကိုသာ ပေးဆောင်ရမည်ဟုလည်း သိရသည်။
ကုသစရိတ်ကိုမူ လာရောက်ပြသသူများ အဆင်ပြေနိုင်သည့်အပေါ်မူတည်၍ နည်းများမဆို ပါဝင်လှူဒါန်းနိုင်သည်ဟုလည်း ကိုဇင်မျိုးက ဆိုသည်။
“တချို့တလေကျရင် စစ်ရှောင်ပြည်သူတွေမှာ အဆင်ပြေသူတွေရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိကြပါတယ်။ ဒေသခံတွေမှာလည်း အဲလိုပါပဲ။ လုံးဝ ကျပ်တည်းနေတဲ့ ဒေသခံတွေဆို ပေးစရာမလိုပါဘူး။ အဆင်ပြေတဲ့သူတွေအနေနဲ့ ဘယ်လောက်မဆို၊ နည်းများမဆို လှူဒါန်းခဲ့လို့ ရပါတယ်။ ဘာလို့ဆို ဆေးခန်းတစ်ခုတည်ဆောက်ပြီးတဲ့နောက်ပိုင်းမှာ ဆေးခန်းမှာ ကုန်ကျစရိတ်က အများကြီးရှိသလို ဆေးဝါးတွေကို ရှာဖွေရတာတွေလည်း ကျနော်တို့မှာ အရမ်းအခက်အခဲရှိပါတယ်”ဟု ပြောသည်။
အဆိုပါဆေးခန်းကို နောက်ထပ် ရမ်းဗြဲမြို့နယ်တွင်လည်း ထပ်မံတိုးချဲ့ကာ တည်ဆောက်ပေးရန် အစီအစဉ်ရှိသော်လည်း အလှူရှင်များ၏ ပံ့ပိုးကူညီမှုများ များစွာလိုအပ်နေသေးသည်ဟု ဆိုသည်။
စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းကို ရခိုင်အဆိုတော် R ကြီးနှင့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းတို့က ဦးစီးကာ ပုဏ္ဏားကျွန်းမြို့နယ်ထဲတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကစ၍ ကျန်းမာရေးဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
အဆိုပါဆေးခန်းမှ ဖျားနာ၊ တုပ်ကွေး၊ ဝမ်းပျက်၊ ဝမ်းလျှောနှင့် အရေပြားရောဂါများကို ရှိသည့်ဆေးဝါးများဖြင့် တတ်နိုင်သလောက်ကုသမှုပေးနေကြောင်း သိရသည်။
လက်ရှိအချိန်အထိ လူနာပေါင်း တစ်ထောင်ခန့်ကို ကုသပေးနိုင်ခဲ့ပြီဟု သိရသည်။
ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်တွင် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းတည်ဆောက်နေသည်ကိုတွေ့ရစဉ်။ (Photo - စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။