သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၄/၂၀၂၅
ရခိုင်နှင့် မကွေးတိုင်းအစပ် ရိုးပေါ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်သည် အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့ခံရပြီးနောက် ငဖဲမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄)၏ခြံပတ်ပတ်လည်တွင် စစ်ကောင်စီက မိုင်းထောင်ပြီး ယခင်ကထက် လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း မကွေးတိုင်း၊ ငဖဲမြို့အပိုင် ကပစ(၁၄)တွင် ခြံစည်းရိုးများကိုအခိုင်အမာပြုလုပ်ပြီး ပတ်ပတ်လည်တွင် မိုင်းများထောင်နေကာ ခြံစည်းရိုးနှင့် တစ်မိုင်ခန့်အကွာအထိ လုံခြုံရေးကင်းများအပြည့်ချထားသည်ဟု ငဖဲဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ကပစ(၁၄)က ရိုးလမ်းနဲ့ ပိုနီးတယ်။ ရိုးတောင်အောက်ခြေလို့ ပြောလို့ရတယ်။ နတ်ရေကန်နဲ့ ကပစ(၁၄)က စစ် ကောင်စီဖက်က စစ်ကူပို့ဖို့ လမ်းကြောင်းဖောက်ထားတာရှိတယ်။ အခု နတ်ရေကန်တောင်ကြောက MPT စခန်းကုန်းကိုလည်း AA ကသိမ်းထားပြီ။ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအကြီးကလည်း ပိတ်ဆို့ခံနေရတဲ့အနေအထားတော့ သိရတယ်။ ကပစကို မကွေးကနေလည်း အင်အားထပ်ဖြည့်ပြီး လုံခြုံရေးတိုးမြှင့်ထားတယ်။ ခြံစည်းရိုးမှာ စူးလိုမျိုး အချွန်တွေလုပ်တယ်။ မိုင်းတွေထောင်နေကြတယ်" ဟု ပြောသည်။
ကပစ(၁၄)ပတ်ဝန်းကျင်ရှိလမ်းတစ်လျှောက် လုံခြုံရေးကင်းလှည့်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့တချို့ ယခုရက်ပိုင်းအတွင်း အပြန်အလှန်ပစ်ခတ်မှုရှိနေသည်ဟုလည်း ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အခုရက်ပိုင်းမှာ အဲဒီစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အဲဒီနယ်မြေထဲမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေရှိနေတယ်။ လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်နေတယ်" ဟု ပြောသည်။
နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်နှင့် အနီးဆုံးရှိသည့် စစ်ကောင်စီ၏ ကပစ(၁၄)အတွင်းတွင် ဒဏ်ရာရစစ်သားအပြင် မကွေးမြို့မှလာသည့် ပြည်သူ့စစ်မှုထမ်းများအပါအဝင် စစ်ကောင်စီအင်အားအများအပြားကိုလည်း ထားရှိကြောင်း သိရသည်။
ကပစ(၁၄)နှင့် ပဒါန်းရှိ ဆုံကုန်းအမြောက်ကြီးတပ်သို့လည်း ပြည်သူ့စစ်သင်တန်းဆင်းအပါအဝင် စစ်ကားများဖြင့် နေ့စဉ်လိုလို စစ်အင်အား ထောင်နှင့်ချီဖြည့်တင်းနေကြောင်း ပဒါန်းဒေသခံများက ပြောသည်။
နတ်ရေကန်တပ်ကျသွားလျှင် ပဒါန်းရှိ ဆုံကုန်းအမြောက်တပ်ထံ AA ထိုးစစ်ရောက်လာနိုင်ပြီး စစ်ကောင်စီအတွက် အရေးပါသည့် ကပစစက်ရုံများသို့လည်း AA ဆက်လက်ရောက်ရှိနိုင်သည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။
ယင်းကြောင့် မကွေးတိုင်းရှိ ကပစ စက်ရုံများတွင် ခံစစ်အကြီးအကျယ်ပြင်ဆင်ထားကြောင်း သိရသည်။
ယခုလုံခြုံရေးတိုးမြှင့်ထားသည့် ကပစ(၁၄)နှင့် အနီးဆုံးတွင် ရှောက်တောင်၊ လေသာကုန်း၊ ညောင်ကိုင်းစသည့်ကျေးရွာအပါအဝင် အခြားကျေးရွာများရှိကြောင်း သိရသည်။
နတ်ရေကန်တောင်နှင့် ကပစ(၁၄)သို့သွားသည့် ရိုးပေါ်တွင် လင်းတဲ၊ စွန်တက်လှိုင်၊ လှိုင်းပျက်ကျေးရွာ၊ ဂုတ်ဝ၊ ဇမြွန်းစသည့် ချင်းကျေးရွာ (၁၀)ရွာထက်မနည်းရှိနေပြီး ဇမြွန်းတောင်ဘုရားကုန်းကို စစ်ကောင်စီ တပ်မ(၉၉)က ထိန်းချုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီပိုင် ကပစစက်ရုံ ၂၅ ရုံရှိပြီး ပဲခူးတိုင်းတွင် ခုနစ်ရုံ၊ ရန်ကုန်တိုင်းတွင် တစ်ရုံ၊ နေပြည်တော်တွင် နှစ်ရုံနှင့် မကွေးတိုင်းတွင် ၁၅ ရုံရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကပစ စက်ရုံတစ်ရုံအား စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ စစ်ဆေးနေစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။