Preview

မြေပုံမြို့နယ်မှ နောက်ဆုံးလက်ကျန် ကျွန်းသာယာအမြောက်တပ်ရုတ်သိမ်းပြီး ဆုတ်ခွာသွား

သဉ္ဇာနွယ် | ဇွန် ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :7614
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၁၅/၂၀၂၅

မြေပုံမြို့နယ်အပိုင် ကျွန်းသာယာတွင် အမြောက်တပ်(ခ) ခဝဲစခန်းသည် စခန်းရုတ်သိမ်းကာ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းအမြောက်စခန်းသည် မြေပုံမြို့နယ်တွင် နောက်ဆုံးကျန်ရှိခဲ့သည့် စခန်းတစ်ခုဖြစ်ပြီး ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့  စတင်တိုက်ပွဲဖြစ်ပွားသည့် လွန်ခဲ့သည့် လပိုင်းအတွင်းက ဆုတ်ခွာပြီး စစ်တွေတပ်နယ်သို့ ပူးပေါင်းသွာခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

" ခဝဲစခန်းက ရေကမ်းစပ်နားမှာရှိတာ။ ရွာနဲ့ခြံစည်းရိုးလောက်ပဲခြားတယ်။ အဲ့ဒီစခန်းမှာ အင်အားတော့ သိပ်မရှိပါဘူး။ အယောက် ၄၀လောက်ပဲရှိတယ်။ သူတို့အခုတစ်ယောက်မှမရှိတော့ဘူး။ စစ်တွေဖက်ကို‌ ဆုတ်ခွာထွက်ပြေးသွားသွာပြီ" ဟု ပြောသည်။

၎င်းကျွန်းသာယာတွင် အမြောက်တပ်(ခ) ခဝဲစခန်းသည်မြေပုံမြို့နယ်တွင်တည်ရှိသော်လည်း  ကျောက်ဖြူရှိ စစ်ကောင်စီတပ်က တိုက်ရိုက်ကိုင်တွယ်ထားသော တပ်ဖြစ်ကာ ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်လာပြီးနောက် ဆုတ်ခွာထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ အာရက္ခတပ်တော်ကတိုက်ခိုက်စရာမလိုဘဲ ထွက်ပြေးကြတာ။ ဒီအမြောက်တပ်က မြေပုံမြို့နယ် အပိုင် ကျွန်းသာယာမှာ တည်ရှိပေမယ့် ကျောက်ဖြူကနေ အဓိက ကွပ်ကဲထားတာ။  မြေပုံမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုပေါ့”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျွန်းသာယာမှ အမြောက်တပ်(ခ) ခဝဲစခန်းသည်ကျောက်ဖြူမြို့နှင့် မြေပုံအကြား ပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိပြီး ရခိုင်ပင်လယ်ကမ်းခြေ တောင်နှင့် မြောက်ကို စိုးမိုးထားသော အရေးပါသော စခန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။ (မြေပုံရှုပါ)

စစ်ကောင်စီတပ်သားများသည်အဆိုပါ စခန်းစွန့်ခွာသွားပြီးနောက်မြေပုံမြို့နယ်တွင်စစ်ကောင်စီ စခန်း လုံး၀ ကင်းစင်သွားပြီဖြစ်ကြောင်း  မြေပုံ‌မှ (ULA/AA)နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"မြေပုံမြို့နယ်ကုန်းပေါ်ကစခန်းမှာတော့ဘယ်စစ်‌သား စခန်းမှမရှိတော့ဘူး။ အခုတော့မြေပုံမြို့နယ်တစ်ခုလုံးကစစ်တပ် လုံး၀ ကင်းစင်သွားပြီ။  ဒါပေမယ့် နောင်တော်ကြီး၊နောင်‌တော်ချေ ပင်လယ်ပြင်ပေါ့ အဲ့ဒီမှာနေဗီတွေကရှိနေသေးတယ်။ ဒေသခံငါးဖမ်းလှေတွေကိုတော့ သေနတ်နဲ့လှမ်းပစ်မှုတွေတော့ရှိနေပါသေးတယ်" ဟု ပြောသည်။

ယင်းအပြင် ကျွန်းသာယာမှ အမြောက်တပ်(ခ) ခဝဲတပ်စခန်းပတ်ပတ်လည်နှင့်ရွာအနီးအနားတွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့သည့်အတွက် မိုင်းရှင်းလင်းရန်လိုအပ်နေပြီး မိုင်းများမရှင်းမီ ဒေသခံများအထူးသတိထား သွားလာရန်လိုအပ်ကြောင် ဒေသဆိုင်ရာ အုပ်ချုပ်သူများက ပြောသည်။

ပြီးခဲ့သည့်၂၀၂၄ ခုနှစ်ကလည်း အဆိုပါ အမြောက်တပ်(ခ) ခဝဲစခန်းနှင့် နေဗီများမှ  ငါးဖမ်းထွက်သည့် ငါးဖမ်းစက်လှေများကို နေဗီမှလက်နက်ငယ်များဖြင့်လှမ်းပစ်ခတ်မှုများကို ပြုလုပ်ခဲ့ပြီး စက်လှေတစ်ချို့တွင်ထိမှန်မှုများရှိခဲ့ကြောင်းသိရသည်။

လက်ရှိစစ်ကောင်စီ နေဗီများသည် ပေါက်တောမြို့နယ်၊ မြေငူကျွန်း(ခ)ဆံတော်ရှင်ကျွန်း၊ ဖဒူကျွန်း၊ ဆင်တက်မော်ကျွန်းစသည့် စစ်တွေ-ကျောက်ဖြူ-မြေပုံရေလမ်းကြောင်းတွင် အသွားအပြန်လုပ်နေကြသည့် ငါးဖမ်းစက်လှေများနှင့် စက်လှေငယ်များကို လိုက်လံပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.