နိရဉ္စရာ၊ ဇွန် ၁၆/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဗိုလ်အဆင့်အပါအဝင် အောက်ခြေတပ်သားများအထိ အမိန့်နာခံမှုမရှိဘဲ တိုက်ပွဲဝင်ရန် ငြင်းဆန်နေကြရာမှ အထက် အရာရှိကြီးများ သေဆုံးနေရခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ စစ်ကောင်စီမှာ အောက်ခြေအဆင့်က အမိန့်မဝင်တော့ဘူးလို့ သိရတယ်။ ရှေ့တန်းက ဦးဆောင်တဲ့ ဗိုလ်အဆင့်တွေတောင်ထွက်ပြေးမှုများလာတယ်။ထိန်းမရသိမ်းမရဖြစ်လာတယ်။ အမိန့် မနာခံကြတော့ဘူး။ ဒါကြောင့် နောက်ကနေညွှန်ကြားနေတဲ့ စစ်ကောင်စီအထက်အရာရှိတွေက စနိုက်ဘာထိမှန်သေဆုံးတာတွေဖြစ်လာတယ်။ ရှေ့မှာတိုက်မယ့်သူမှမရှိတာ။ အများစုက တိုက်ပွဲဖဖြစ်ရင်တပ်ရင်းထဲကိုဝင်ပြေးကြတယ်။ ပီးရင် အစုလိုက်၊အစုလိုက်၊တစ်စုပြီး တစ်စု အလင်းဝင်ထွက်ပြေးနေကြတာတွေလည်းရှိတယ်" ဟု ပြောသည်။
များမကြာမီ ရက်ပိုင်းအတွင်းကလည်း သေနတ် ဒဏ်ရာရရှိ၍ အရာရှိ ၄ ဦးအား ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် အရေးပေါ်ယူဆောင်သွားရပြီး ထိုအထဲတွင် ကျောက်ဖြူမြို့သို့ နောက်ဆုံးအခေါက် စစ်ကူပို့ခံရသည့် ခမရ(၂၁၁)မှဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်လည်းမင်္ဂလာဒုံ စစ်ဆေးရုံတွင် ဇွန်လ ၉ ရက်နေ့က သေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။
၂၀၂၅ ခုနှစ် မေလ ၂၆ ရက်နေ့ကလည်း ကျောက်ဖြူသို့ဗမာပြည်မှ အင်အားလာဖြည့်ချထားသည့်တပ်မ (၁၁)မှ နည်းဗျူဟာမှူးဗိုလ်မှူးချုပ် ကျော်မိုးအောင် စနိုက်ပါ ထိမှန်သေဆုံးခဲ့သလို နောက်ထပ်လည်း တပ်ရင်းမှူး အဆင့် ဗိုလ်မှူးကြီးအဆင့်ထိ သေဆုံးမှုများရှိနေသည်ဟု သိရသည်။
စစ်ကောင်စီ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ - ကြည်း/၃၇၅၃၂ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နှင့်စစ်ကောင်စီတပ်ဖွဲ့ ၁၅ ဦးခန့်အား အာရက္ခတပ်တော်(AA) က ကျောက်ဖြူအတွင်းလက်ရဖမ်းမိခဲ့ခြင်းမှာလည်းအောက်ခြေတပ်သားများစစ်မတိုက်လိုဘဲ ထွက်ပြေးကြသလို AA ထံ လက်နက်ချသွား၍ ဖြစ်ကြောင်း သိရှိရသည်။
၎င်း ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင်ကို၂၀၂၅ ခုနှစ် မေ ၃၀ ရက်နေ့ မွန်းလွဲ ၃နာရီခန့်ကကျောက်ဖြူမြို့နယ်၊မင်းတက်တောင်ကျေးရွာမြောက်ဘက်မီတာ(၆၀၀)ခန့်အကွာရှိစက်မှု၊လက်မှုသင်တန်းကျောင်းအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းAA ကလက်ရ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့ အမှတ် (၃၂) ရဲတပ်ရင်းတွင် စစ်သားအင်အား ထောင်နှင့်ချီကာ ဖြည့်တင်းထားသော်လည်း တိုက်ပွဲတွင် ကျသူ၊ထွက်ပြေးသူ၊လက်နက်ချသူများဖြင့် ပြည့်နေပြီး
အာရက္ခတပ်တော်ထံလက်နက်ချသူနှင့်ဖမ်းဆီးရမိသူ ၂၀၀ ကျော်ခန့်အထိရှိနေပြီဟု ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း နိရဉ္စရာ ကိုပြောသည်။
" ရဲတပ်ရင်းမှာလည်း အင်အားထောင်နဲ့ချီဖြည့်ထားတာ။လက်ရှိ အချိန်ထိ အင်အားက ၈၀၀ လောက်ရှိအုံးမယ် ခန့်မှန်းထားကြတယ်။ ရေကြောင်း၊လေကြောင်းကနေ တိုက်ပွဲမဖြစ်ခင်ကတည်းကနေ အခုတိုက်ပွဲပြင်းနေတဲ့အချိန်အထိ အင်အားဖြည့်နေတာ။ ပြည်မဖက်ကတပ်ရင်းတွေနဲ့ နယ်မြေခံတပ်ရင်းတွေ ပူးပေါင်းပြီး AAကိုတိုက်နေတာ။ဒရုန်း၊နေဗီကလည်း ပစ်တယ်။ ဒါပေမယ့် စစ်ကောင်စီဖက်ကတဖြည်းဖြည်းစစ်ရေးအရကျဆုံးမှုများလာတယ်။ အလင်းဝင်တာနဲ့ဖမ်းဆီးရမိတာတောင်အေအေဆီမှာ ၂၀၀လောက်တောင်ရှိမလားဘဲ" ဟုပြောသည်။
အမှတ်(၃၂)ရဲတပ်ရင်းကို ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ ပြိုင်းစေ့ကေကျေးရွာအနီးဒိုးတန်းတောပေါ်တွင်တည်ထားပြီး ၎င်းတပ်ရင်းမှာ ကျောက်ဖြူမြို့အတွက် စစ်ကောင်စီ၏ နောက်ဆုံး ခံစစ်ဟုသိရသည်။
၎င်းဒိုးတန်းတောင်ကြောတစ်လျှောက်နှင့်ကျောက်ဖြူ-မအီကားလမ်းနှင့်လယ်ကွင်းများပေါ်တွင်ရာနှင့်ချီသည့်စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများပြန့်ကျဲလျက်ရှိနေပြီးစစ်ကောင်စီ ဘက်က အကျအဆုံး များပြားနေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မ(၁၁)နှင့်တပ်မ(၉၉)ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံး အင်အား ၇၀ ခန့်သည်အာရက္ခတပ်တော်( AA) ထံလက်နက်ချ အလင်းဝင်လာခဲ့သည် မြေပြင်သတင်းရင်းမြစ်များက နိရဉ္စရာကို အတည်ပြုပြောဆိုထားသည်။
ကျောက်ဖြူမြို့နယ်အတွင်းက စကစတပ်ရင်းများ အမှတ် (၃၂)တိုက်ခိုက်ရေး ရဲတပ်ရင်း၊ ခလရ (၃၄)၊ ခမရ (၅၄၂)ခမရ (၅၄၃) နှင့် ဓညဝတီရေတပ် ဌာနချုပ်တို့တည်ရှိပြီးကျောက်ဖြူမြို့ အခြေစိုက် စခန်းများနှင့် တပ်ရင်းများမှာ ယခင် AA သိမ်းပိုက်သွားခဲ့သည့် အမ်း၊ တောင်ကုတ်တို့ရှိ စစ်စခန်းများလောက် ခိုင်ခန့်မှု မရှိကြောင်း စစ်ရေးလေ့လာအကဲခတ်များက ပြောသည်။
(စစ်ရေးအခြေပြမြေပုံအား Little Rabbit မှ ကူးယူဖော်ပြသည်)