သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၆/၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့တွင် ရခိုင်သို့ပြန်မည့် ရခိုင်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေညှစ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ မြေပုံမြို့နယ်၊ ဥက္ကံကျေးရွာမှ ကိုအောင်ဗန်းနှင့် ကိုအောင်ဇေဖြစ်သည်။
သူတို့နှစ်ဦးသည် ပြည်ပနိုင်ငံမှလာရောက်ပြီး သူတို့၏ ဇာတိရွာသို့ပြန်ရန် ပဒါန်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေစဉ် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်၊ ညဉ့်အချိန်က တပ်မ(၉၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"သူတို့က နိုင်ငံခြားကနေ ရခိုင်၊ မြေပုံကိုပြန်တဲ့လမ်းမှာ အဖမ်းခံရတာပါ။ မကွေး၊ ပဒါန်းမြို့မှာ တည်းနေတုန်း နတ်ရေကန်ဆီဆိုင်ဂိတ်မှာစောင့်နေတဲ့ တပ်မ(၉၉)က စစ်သားတွေ တည်းခိုခန်းကို ညဖက်ဝင်လာပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်" ဟု ပြောသည်။
အဆိုပါရခိုင်အမျိုးသားနှစ်ဦးကို တပ်မ(၉၉)မှ စစ်ကောင်စီတပ်သားများက နတ်ရေကန်ဆီဆိုင်ဂိတ်သို့ခေါ်ယူသွားခဲ့သည်ဟု သိရသည်။
ယင်းနောက် ပဒါန်းဒေသခံအသိမိတ်ဆွေများ၏ တောင်းပန်၊ ထောက်ခံပေးမှုကြောင့် စစ်ကောင်စီက ကျပ်ငွေ သိန်း(၅၀)အထိတောင်းယူခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည်ဟု လွတ်မြောက်လာသူ၏ အသိမိတ်ဆွေအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ပဒါန်းက သူ့မိတ်ဆွေတွေက တောင်းပန်တယ်။ သူတို့က သာမန်လူတွေ။ တော်လှန်ရေးအဖွဲ့တွေနဲ့မပတ်သက်ဘူးဆိုပြီး။ ဒီတော့ သိန်း(၅၀)တောင်းပြီးပြန်လွှတ်ပေးလိုက်တယ်" ဟုပြောသည်။
သူတို့နှစ်ဦးကို အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း ပဒါန်းမြို့နယ်၊ လှိုင်ကျေးရွာမှ ဈေးဝယ်ပြီးပြန်လာသည့် ချင်းအမျိုးသမီးသုံးဦးကို တပ်မ(၉၉)မှ စစ်ကောင်စီတပ်ထံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့ကလည်း ငဖဲမြို့နယ်၊ ပဒါန်းမြို့တွင် အမျိုးသမီးများအပါအဝင် ရခိုင်လူမျိုး ၁၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
မတ်လ ၁၂ ရက်ကလည်း ပဒါန်းမြို့သို့ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်နေသည့် အမ်းမြို့နယ်၊ တန်းတင်ရွာမှ အမျိုးသားလေးဦးကို ပဒါန်းမြို့နယ်၊ ဆူးပတောင်းရွာအနီးရှိ ရေကန်အနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ဆုံကုန်းအမြောက်တပ်အတွင်း ချုပ်နှောင်ထားကြောင်း သိရသည်။
လက်ရှိတွင် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းသည် AA အပါအဝင် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ခြင်းကိုခံထားရသည့်အတွက် စစ်ကောင်စီက ငဖဲမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ထားသည်ဟုလည်း သိရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။