သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၆/၂၀၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းနှင့် ရခိုင်ပြည်၊ ဂွလမ်းပေါ်ရှိ အမြောက်တပ် (၃၄၄)အနီးတဝိုက် စစ်ကူတက်လာသည့်စစ်ကြောင်းများနှင့် အာရက္ခတပ်တော်(AA)ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းအပိုင် မြောက်စမ်းရွာအနီးရှိ စစ်ကောင်စီ၏ အမြောက်တပ်(၃၄၄)နှင့် အနီးပတ်ဝန်းကျင်တွင် စစ်ကူအနေဖြင့် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက် နေရာအနှံ့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တိုက်ပွဲက ရှေ့တိုး၊ နောက်ဆုတ်ရတဲ့အနေအထားရှိတယ်။ ပထမက အမတ(၃၄၄)အနီးဆုံးအထိ တော်လှန်ရေးတပ်ဖွဲ့တွေ အသာစီးရခဲ့တယ်။ စစ်ကောင်စီဖက်က လေကြောင်း၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ဗုံးကြဲတယ်။ စစ်ကူလည်းထပ်ပို့တော့ နောက်ဆုတ်ပေးရတဲ့အနေအထားဖြစ်သွားတယ်။ တိုက်ပွဲက အသားကုန်ပြင်းတယ်" ဟု ပြောသည်။
အမြောက်တပ်(၃၄၄)တပ်သို့ ကျုံပျော်မြို့အခြေစိုက် ခလရ(၃၆)မှ စစ်ကူအင်အားများအပါအဝင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများဖြင့် အင်အားဖြည့်တင်းနေပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီဖက်က လေကြောင်းကို အဓိကထားပြီး တရစပ်ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲအနေအထားမှာ မြေပြန့်ဖြစ်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ နှစ်ဦးနှစ်ဖက် ထိခိုက်မှုများနိုင်သည်ဟု စစ်ရေးသိရှိသူ မြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အဓိက တောင်တန်းတွေမရှိဘဲ မြေပြန့်ဖြစ်နေလို့ နှစ်ဖက်ထိခိုက်မှုများနိုင်တယ်။ စစ်ကောင်စီဖက်ကလည်း နောက်မဆုတ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ဖက်ကလည်း နောက်မဆုတ်ဘူး" ဟုပြောသည်။
ငသိုင်းချောင်းနှင့် ၁၀ မိုင်ခန့်သာဝေးသည့် အမြောက်တပ် (၃၄၄)ကို ဇွန်လ ၁၂ ရက်နေ့မှစပြီး AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်နေခြင်းဖြစ်သည်။
ဓာတ်ပုံ - AA Info Desk (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။