ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၁၆/ ၂၀၂၅
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သော ရခိုင်ပြည်အတွင်း တောတောင်များကို မှီခိုကာ လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများအနေဖြင့် မိုင်းအန္တရာယ်ကို အထူးဂရုပြုရန် လိုအပ်သည်ဟု ရခိုင်ပြည်သူများက ပြောဆိုကြသည်။
ကျေးလက်နေ ရခိုင်ဒေသခံများနှင့် ရခိုင်ပြည်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူအများစုမှာ မြစ်ချောင်း၊ အင်းအိုင်၊ တောတောင်များကို မှီခိုကာ အသက်မွေးကြရသည်။
ယခုလိုမိုးရာသီကာလအတွင်း ကျေးလက်နေပြည်သူအများစုနှင့် စစ်ဘေးရှောင်များမှာ တောတောင်များသို့ သွားရောက်ကာ မျှစ်ချိုးခြင်း၊ ဒညှင်းသီးခူးခြင်းအပါအဝင် မိုးရာသီတွင် ပေါက်ရောက်သော ရာသီစာ ဟင်းသီး၊ ဟင်းရွက်များကို ရှာဖွေ ဆွတ်ခူးကာ အသက်ရှင် ရပ်တည်ကြရသည်။
သို့သော်လည်း တောတောင်များကို သွားရောက် ဟင်းခူးနေသူများသည် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များကို သတိကြီးစွာထားနေရသည်ဟု စစ်ဘေးရှောင်အရေး ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူ မလီလီမြင့်က ပြောသည်။
"စစ်ဘေးရှောင်တွေက ဒေသခံတွေထက် ပိုဆိုးတာပေါ့။ နေရာဒေသ မကျွင်းကျင်တာတွေလည်း ရှိတယ်။ မျှစ်ခူး၊ ဟင်းရှာဖို့အတွက်ဆိုရင်လည်း ကျယ်ကျယ်ပြန့်ပြန့် မသွားနိုင်တာတွေလည်း ရှိတယ်။ လက်ကျန်မိုင်းတွေရှိတဲ့အတွက် အဝေးကိုလည်း မသွားရဲကြဘူး။ စားဝတ်နေရေးအတွက် ဟင်းခူးရတာတွေကလည်း အခက်အခဲပါ" ဟု ပြောသည်။
ယခုလို မိုးရာသီဆိုလျှင် တောတောင်များတွင် မြေသားမြေစိုင်များလည်း မိုးရေများကြောင့် ပြိုကျမှုများရှိပြီး မိုင်းနှင့် စစ်ကျန်ပစ္စည်းများလည်း မြေထဲမှ ပေါ်လာနိုင်သည်ဟု သိရသည်။
ယင်းသို့ ပေါ်လာသည့် ပုံမှန်မဟုတ်သော အရာဝတ္ထုများကို မြင်တွေ့ပါက ကိုင်တွယ်ခြင်း၊ တုတ်များဖြင့် ထိုးကော်ခြင်းနှင့် ထုရိုက်ခြင်းများမပြုလုပ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများကို သတိပေးကြရန်လိုအပ်ကြောင်းလည်း လူမှုကူညီရေးလုပ်ဆောင်သူများက ပြောဆိုကြသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ဇန်နဝါရီမှ မေလအထိ ငါးလအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် အရပ်သား ၂၃ ဦးသေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။
သေဆုံး၊ ဒဏ်ရာရသူအများစုမှာလည်း တောတောင်များကို မှီခိုနေကြသည့် လက်လုပ်လက်စား ဒေသခံများဖြစ်ကြသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်၊ နေ့လယ်ကလည်း အမ်းမြို့နယ်၊ ဆူးပုတ်ပျဉ်းကျေးရွာမှ လူငယ်တစ်ဦး တောင်ခြေရင်းအတွင်း ဝါးသွားခုတ်စဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။
လက်ရှိတွင် မိုင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူများမှာ တောတောင်များသို့ မသွားရဲကြဘဲ လုပ်ကိုင်စားသောက်ရသည့်နေရာ ပိုမို ကျဉ်းကျပ်လာသည်ဟုလည်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
"မိုင်းကြောင့် ဒေသခံတွေက တောတောင်တွေကို မသွားရဲကြဘူး။ လုပ်ကိုင် စားသောက်ရတာတွေက တအားခက်ခဲပါတယ်။ ကုန်ဈေးနှုန်းတွေက တအားကြီးပြီးတော့ အလုပ်လက်မဲ့တွေက ပိုများလာတယ်" ဟု ပြောသည်။
ရခိုင်တွင် ၂၀၁၈ ခုနှစ်မှ စတင်ကာ တိုက်ပွဲအန္တရာယ်များကြောင့် မိုင်းဘေးအန္တရာယ်ကို ဒေသခံပြည်သူများ စတင်ကြုံတွေ့ခံစားလာကြရသည်။
ထိုကဲ့သို့ မိုင်းအန္တရာယ်ကို ကြုံတွေ့လာရသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းချခဲ့သည့်နေရာများ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို့ မသွားရန်လိုအပ်သည်ဟု ရခိုင်မှ လူမှုကူညီရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ပြောသည်။
"မိုင်းကြောင့် ကိုယ်လက်အင်္ဂါပြတ်ပြီး သေဆုံးသူတွေလည်း အများကြီးတွေ့ခဲ့ရတယ်။ အဲဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ သက်မွေးဝမ်းကျောင်းအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုရင်လည်း တပ်စခန်းချခဲ့တဲ့နေရာတွေ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို အတတ်နိုင်ဆုံး မသွားဖို့လိုတယ်။ တောတောင်တွေကို ရောက်သွားရင်လည်း ဝါယာကြိုးတွေလို။ ပြီးတော့ သစ်ပင်တွေမှာ ကြက်ခြေခတ်လို့ အမှတ်အသား လုပ်ထားတဲ့ နေရာတွေကို ရှောင်ရှားဖို့လိုတယ်။ သွားနေကျ လမ်းကိုပဲ အသုံးပြုဖို့လိုတယ်" ဟု ပြောသည်။
ထို့အပြင် ရပ်ရွာများတွင် မိုင်း၊ စစ်ကျန်လက်နက်များနှင့်ပတ်သက်သည့် အသိပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်လိုသည်ဟု သူက ဆက်ပြောသည်။
ဓာတ်ပုံ - ရခိုင်ဒေသတွင်း တောတောင်များကို မှီခိုလုပ်ကိုင်စားသောက်နေရသည့် ရခိုင်ပြည်သူအချို့အား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။