(ထွက်ပြေးရန်ကြိုးစားရာမှမိုင်းနင်းခံရမှုများလည်းရှိနေ)
နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၅
အင်အားအနည်းငယ်သာ ကျန်ရှိတော့သည် ကျောက်ဖြူအခြေစိုက် ခမရ ( ၅၄၃) တပ်ရင်းတွင် ရခိုင်လူမျိုးစစ်သားများ၏ မိသားစုများကို တပ်ရင်းထဲတွင် ချန်ထားကာ ကျန်လူမျိုးများ၏ မိသားစုများကို သစ်ပုတ်တောင် ရေတပ်သို့ ပြောင်းရွှေ့သွားခဲ့ကြောင်း သတင်းရရှိသည်။
“သူတို့ စစ်ကောင်စီထဲက ရခိုင်စစ်သားတွေအထဲမှာ တချို့စစ်သားတွေက တိုက်ပွဲမှာ ကျသွားတယ်။ တချို့က လက်နက်ချသွားတယ်။ တချို့လည်း ရှေ့တန်းမှာ ရှိနေသေးတယ်။ အဲဒီ ရခိုင်စစ်သား မိသားစုတွေက ၅၄၃ တပ်ရင်းထဲမှာဘဲ ချန်ထားခံရတယ်လို့ သိရပါတယ်။ တခြားလူမျိုးတွေရဲ့ စစ်သားမိသားစုတွေကိုတော့ သစ်ပုတ်တောင် ရေတပ်ကို ခေါ်ထုတ်သွားခဲ့ပါတယ်”ဟု စစ်သားမိသားစုများနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။
ရခိုင်မိသားစုများမှ အပ ကျန်စစ်သားများ၏ မိသားစုများကို စစ်ကားများဖြင့် သစ်ပုတ်တောင် ဓည၀တီရေတပ်ဌာနချုပ်သို့ ခေါ်ထုတ်သွားသည်ဟု ဆိုသည်။
ထိုသို့ ချန်ထားခဲ့ရသူ ရခိုင်စစ်သားမိသားစုများမှတပ်ရင်းကနေ ခိုးထွက်စဥ် မိုင်းနင်းမိသည့် ဖြစ်စဉ်များလည်းရှိပြီး (၅၄၃) တပ်ရင်းမှ အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာရသည့် ဖြစ်စဉ်တစ်ခုလည်း ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်အခြေစိုက်တပ်ရင်းများထဲတွင်ကျန်နေခဲ့ ရခိုင်လူမျိုးမိသားစုဝင်များမှာ သွားလာရေးတင်းကြပ်ခံနေရပြီးပြင်ပနှင့်လည်းဆက်သွယ်ခွင့်မရသဖြင့် စားဝတ်နေရေးကျပ်တည်းနေကြပြီး အခက်အခဲရှိနေကြသည်ဟုကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ရခိုင်တွေဆိုသွားလာရေး တင်းကျပ်ခံနေရတယ်။ သူတို့ကရခိုင်မိသားစုတွေကိုပစ်မှတ်ထားတယ်။ တခြားလူမျိုးတွေရဲ့မိသားစုဆို အကုန်သစ်ပုတ်တောင် ရေတပ်ကို ပြောင်းရွှေ့ကုန်ကြပြီ။နီးစပ်ရာ အလိုက်။ပြီးတော့ ယောက်ျားဖြစ်သူကရှေ့တန်းထွက်ပြီး ရှေ့တန်းမှာကျ။ဇနီးမယားတွေကစားစရာမရှိ။ တပ်ပြင်ထွက်လို့ မိုင်းနင်းမိသူတွေအဲ့လိုဖြစ်တာတွေရှိနေတယ်။ ထွက်ပြေးတဲ့သူလည်းထွက်ပြေးပေါ့ အဲ့သလိုမျိုးဖြစ်နေတာ" ဟု ပြောသည်။
ကျောက်ဖြူတပ်ရင်းများထဲမှစစ်ကောင်စီတပ်သားများ ထွက်ပြေးအလင်းဝင်မှုများ များပြားလာ နေသဖြင့်တိုက်ပွဲများတွင် ရှေ့တန်းထွက်ပြီးကျန်နေခဲ့သောရခိုင်လူမျိုးဇနီးမယားများမှာ တပ်တွင်း/တပ်ပြင်ထွက်ခွင့်ပိတ်ပင်ခံထားရသည့်အပြင် မိုင်းနင်းမိ၍ ဒဏ်ရာရသူများကိုလည်း ပြင်ပဆေးရုံတွင်ဆေးကုသခွင့်မရဘဲတပ်တွင်းတွင်သာ ဆေးကုသမှုပေးထားသည်ဟု ပြောသည်။
" သစ်ပုတ်တောင်တပ်နယ်က သားအမိနှစ်ယောက်လည်းမိုင်းနင်းမိတယ်။ ဒီလ ၁၂ ရက်နေ့က။ သူတို့လည်း မြို့ပေါ်ကိုသွားပြီးဆေးကုခွင့်မရဘူး။တပ်တွင်းမှာဘဲ ကုရတယ်။ အဲ့သလောက် ရခိုင်လူမျိုးတွေအပေါ်ပစ်မှတ်ထားနေတာ" ဟုပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ကျောက်ဖြူမြို့နယ်အခြေစိုက်တပ်ရင်းများတွင်နေထိုင်သည့် ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို တပ်တွင်းသတင်းများပေါက်ကြားမှု ရှိလာသည့်အတွက်ဟုဆိုကာ သူတို့၏ လက်ကိုင်ဖုန်းများအား စစ်ကောင်စီက သိမ်းဆည်းသွားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များကိုစစ်ကောင်စီက အာရက္ခတပ်တော်(AA)ထံ ထွက်ပြေးအလင်းဝင်မည်စိုး၍အနီးကပ်စောင့်ကြည်ခြင်းများ၊ တပ်တွင်း/တပ်ပြင် ဝင်ထွက်ခွင့်ပိတ်ပင်ခြင်းများပြုလုပ်နေသည်ဟုသိရသည်။