သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၇/ ၂၀၂၅
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် မြို့အနီးအနားအထိ လက်နက်ကျည်များကျရောက်မှုကြောင့် စစ်ကူအတွက် အဓိက အချက်အခြာကျသည့် ကျောက်ဖြူလေဆိပ်နှင့် နောက်ထပ်နေရာအချို့ကို စစ်အင်အားများ ရာနှင့်ချီဖြည့်တင်းပြီး လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူလေဆိပ်၊ ခမရ(၅၄၂)နှင့် ကျောက်ဖြူမြို့အထွက်ရှိ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းဖက်တို့တွင် စစ်ကောင်စီအင်အားရာနှင့်ချီ တိုးမြှင့်ချထားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ကျောက်ဖြူမြို့လေယာဉ်ကွင်းသို့ ယမန်နေ့ ဇွန်လ ၁၆ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ကို နေဗီဖြင့် ငလပွေ့ဆိပ်ကမ်းမှတဆင့် လေဆိပ်သို့ အင်အားရာနှင့်ချီထပ်မံဖြည့်တင်းခဲ့ပြီး လေဆိပ်အတွင်း အမြောက်လက်နက်တပ်ဆင်နေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အရင်က လေဆိပ်ထဲမှာ စစ်သား ၁၀၀ လောက်ရှိတယ်။ လုံခြုံရေးယူထားတာ။ ဟိုနေ့က ညနေပိုင်းက လက်နက်ကျည်တွေ လေဆိပ်နဲ့မနီးမဝေးနေရာတွေ၊ မြို့နဲ့နီးတဲ့တပ်ရင်းနားတွေအထိ လက်နက်ကျည်တွေကျလာတာတွေရှိတော့ အင်အား ၁၀၀ ကျော်လောက် ထပ်ဖြည့်တယ်။ ငလပွေ့ဆိပ်ကမ်းကနေ တက်လာတာ။ ပြီးတော့ ငလပွေ့ချောင်းဝဖက်ကို အမြောက်လက်နက်တပ်ထားတယ်" ဟု ပြောသည်။
အာရက္ခတပ်တော်(AA)က ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်အချို့သည် ကျောက်ဖြူလေဆိပ်အနီးရှိ ခလရ (၃၄)တပ်အပါအဝင် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သည် ခမရ(၅၄၂)နှင့် ခမရ(၅၄၃)တပ်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ကျရောက်ပေါက်ကွဲမှုများရှိနေသည်ဟု သိရသည်။
ဇွန်လ ၁၅ ရက်ကလည်း ခလရ (၃၄)တပ်အပါအဝင် ကျောက်ဖြူမြို့အနီးရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးအနီးအနားတွင် ကျရောက်မှုရှိခဲ့ကြောင်းလည်း မြို့ခံများက နိရဉ္စရာကို ပြောဆိုထားသည်။
ယင်းကြောင့် စစ်ကောင်စီဘက်က ကျောက်ဖြူလေဆိပ်အတွင်း လုံခြုံရေးအင်အားတိုးမြှင့်ချထားပြီး လက်နက်ကြီးအထိုင်များ တပ်ဆင်လာနေခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်၏ စစ်မျက်နှာပြင်ဖြစ်သည့် ရဲတပ်ရင်း(၃၂)၊ ခမရ(၅၄၃)၊ မလကျွန်းဧရိယာတဝိုက်၊ တရုတ်စီမံကိန်းထဲက(OGT)စက်ရုံ စသည့် စစ်မျက်နှာပြင်ကို လက်နက်ကြီးပစ်ကူ၊ လူအင်အားများ ဖြည့်တင်းမှုပြုလုပ်နိုင်ရန်အတွက် ခမရ(၅၄၂)နှင့် မြို့အထွက်ရှိ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းဖက်သို့လည်း လုံခြုံရေးအင်အားတိုးချထားသည်ဟု ရခိုင်စစ်ရေးအခြေအနေစောင့်ကြည့်နေသူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ခမရ(၅၄၃)နဲ့ ရဲတပ်ရင်းက စစ်သားတွေက အခုလက်ရှိ ထွက်တိုက်နေတယ်။ သူတို့အတွက် လက်နက်ပစ်ကူ၊ လူအင်အားတွေဖြည့်ပြီး ထောက်ပို့လမ်းကြောင်းတွေလုပ်နိုင်အောင် အဓိက (၅၄၂)၊ ပြီးတော့ ကျောက်တလုံးကယ်ဆယ်ရေးဂိတ်ဖက်ကို အင်အားတိုးဖြည့်တယ်။ မြို့လုံခြုံရေးအတွက်လည်း ပါတာပေါ့။ လေဆိပ်ကလည်း သူတို့အတွက် သိပ်အရေးပါတယ်။ လေဆိပ်က သူတို့အတွက် စစ်ကူရယ်၊ ရိက္ခာရယ်၊ ဒဏ်ရာရစစ်သားတွေကို အတင်အပို့လုပ်ရတယ်။ အမ်းလေဆိပ်လို အလွယ်တကူကျမှာစိုးလို့ သူတို့က ကြိုတင်ပြင်ဆင်နေတာလို့ မြင်တယ်" ဟု ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲမှာ အပြင်းထန်ဆုံးအနေအထားကိုရောက်ရှိနေပြီး စစ်ကောင်စီက ကျောက်ဖြူမကျစေရေးအတွက် နေရာအနှံ့အပြားကို အင်အားဖြန့်ကြက်ကာ AA ကိုထိုးစစ်ဆင်၍ ဒရုန်း၊ နေဗီနှင့် လက်နက်မျိုးစုံတို့ဖြင့် တိုက်ခိုက်နေသည်ဟု မြေပြင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အင်အားဖြန့်ကြက်ပြီး AA ကိုပြန်တိုက်နေတာ။ အခုတိုက်ပွဲက တစ်နေရာတည်း မဟုတ်တော့ဘူး။ သုံးလေးနေရာလောက်ဖြစ်နေတာ။ ဒရုန်း၊ နေဗီအစုံနဲ့ ပစ်နေတယ်" ဟု ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ စစ်ကောင်စီအခြေကုပ်ယူထားသည့် မလကျွန်းကျေးရွာနှင့် OGT ပတ်ဝန်းကျင်၊ အမှတ်(၃၂)ရဲတပ်ရင်းအနီး၊ ပြိုင်းစေ့ကေရွာအနီးအပါအဝင် သစ်ပုတ်တောင်တိုက်နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး ကပ်သပြေကျေးရွာအနီးအနားထိ စစ်ကြောင်းထိုးဖြန့်ကြက်ကာ AA ရှိသည့်နေရာများကို တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းနေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။