Preview

ရန်ကုန် (29)တူးနိုင်းရွှေဆိုင်မှ ရွှေခိုးမှုစွပ်စွဲချက်ဖြင့်ဖမ်းဆီးခံထားရသည့် ရခိုင်အမျိုးသမီးငယ်အမှု လိုပြသက်သေများကို စစ်ဆေးပြီးစီး

သျှင်မင်းဇံ | ဇွန် ၁၇/ ၂၀၂၅ | ကြည့်ရှုသူ :2936
ရခိုင် သတင်း

(လာမည့်ရုံးချိန်းတွင် စွဲချက်တင်/ မတင် လျှောက်လဲချက်ပေးရမည်)

သျှင်မင်းဇံ၊ နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၅

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ 29 (တူးနိုင်း) ရွှေဆိုင်မှ ရွှေခိုးမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ရခိုင်အမျိုးသမီးငယ်၏အမှုတွင် တရားလိုပြသက်သေများကို စစ်ဆေးမှုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား ဇွန်လ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ လိုပြသက်သေများအားစစ်ဆေးမှုပြီးစီးခဲ့ခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၂၀ ရက်နေ့ ရုံးချိန်းတွင် အမှုကို စွဲချက်တင်/ မတင် လျှောက်လဲချက်ပေးရမည်ဟု စွပ်စွဲခံရသူ၏ ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။

“အခုကတော့ တရားလိုပြသက်သေတွေကို စစ်ဆေးပြီးပါပြီ။ နောက်ရုံးချိန်းကတော့ စွဲချက် လျှောက်လဲချက် တင်ရပါမယ်” ဟု ပြောသည်။

ရွှေခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးတရားစွဲခံထားရသူမှာ ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာမှ အသက် (၂၇)နှစ်အရွယ် မစိုးစံသူဖြစ်သည်။

သူမသည် တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ 29 (တူးနိုင်း)ရွှေဆိုင်တွင် အလုပ်ခေတ္တဝင်ရောက်လုပ်ကိုင်စဉ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် ရွှေထည်ပစ္စည်း ၃၄ မျိုး (ကာလတန်ဖိုး ကျပ်သိန်း ၁၉၀၀ ခန့်)ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ယခုအမှုအား မစီရင်ဘဲ တည်ဆဲဥပဒေများကို လက်တစ်လုံးခြား အသုံးချကာ ဖမ်းဆီးချုပ်နှောင်ထားသည်မှာ နှစ်နှစ်နီးပါးခန့်ကြာပြီးမှ တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးသွားခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ မစိုးစံသူ၏ ဖခင်က ပြောသည်။

“ပြီးခဲ့တဲ့ ရုံးချိန်းက သက်သေတွေ စစ်ပြီးသွားပြီ။ အခုထိတော့ ကျနော်သမီး ပစ္စည်းယူတဲ့သက်သေတွေ သေချာ မတွေ့ဘူး။ ကျနော်တို့က မတရားခံနေရတယ်လို့ပဲ ပြောချင်တယ်။ ကျနော် သိပ်မပြောချင်ဘူး။ ကျနော်တို့က ရွှေမရှိ ငွေမရှိဘဲ နေတာမဟုတ်ဘူး။ ကျနော့်သမီး ခိုးစရာအကြောင်းလည်း မရှိဘူး။ ကျနော်တို့ အခြေအနေ ဘယ်လိုလဲဆိုတာ သရက်တောင် တစ်ရွာလုံး သိတယ်။ ဥပဒေလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် တိတိကျကျလုပ်ပေးလို့ရှိရင်တော့ ကျနော်သမီးက အမှုကနေ ကွင်းလုံးကျွတ် လွတ်မှာပါ။ အခုက ငွေများ တရားနိုင်။ အာဏာရှိရင် တရားနိုင်။ မတရားခံနေရတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ယခုအမှုတွင် အဆိုပါရွှေဆိုင်၏ ပစ္စည်းလက်ခံရေးဌာနမှ အဖွဲ့ခေါင်းဆောင် မောင်သန်းတိုးလင်း၊ မထက်ထက်ခိုင်နှင့် မသဇင်သင်းသန့်တို့အပါအဝင် မစိုးစံသူတို့လေးဦးတို့ကို ရွှေပျောက်ပြီးနောက် ငါးရက်ကြာ စစ်ဆေးခဲ့သည်ဟု သိရသည်။

ယင်းနောက် မစိုးစံသူတစ်ဦးတည်းကို 29 ရတနာရွှေဆိုင်မှ မန်နေဂျာဦးမျိုးကိုကိုအောင်ကတရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ - ၃၈၁ ဖြင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

စွပ်စွဲခံရသူ မစိုးစံသူ၏ မိခင်က “သမီးလေးက အမှန်ဆိုရင် ဂျပန်သွားဖို့ လုပ်နေတာ။ သူက သမီးကြီးလည်း ဖြစ်တယ်။ ဂျပန်မသွားခင်လည်း အလုပ်အတွေ့အကြုံရချင်တယ်ဆိုပြီး သွားလုပ်တာ။ ဒီလိုမျိုး စွပ်စွဲခံရပြီး ဖမ်းဆီးခံရတာပဲ။ အခုဆို သမီးလည်း နှစ်နှစ်နီးပါးရှိနေပြီ။ သူ့အဖက အိမ်ငှားလို့ မနေချင်လို့ကို တိုက်ခန်း ဝယ်ပြီးနေကြတာ။ ဘုရားသွားတုန်းက၊ အလှူပွဲတွေမှာ ‌ရွှေတွေ ဝတ်ခဲ့တာတွေ အားလုံး ဓာတ်ပုံနဲ့တကွ ရှိတယ်” ဟု ပြောသည်။

အဆိုပါအမှုမှာ နှစ်နှစ်နီးပါးကြာလာသော်လည်း အမှုကို မစီရင်ဘဲ မစိုးစံသူအား ရုံးထုတ်လိုက်၊ ထပ်မံ ရုံးချိန်းပေးလိုက်ဖြင့် တရားဥပဒေကို လက်တစ်လုံးခြား အသုံးချကာ တမင်ဝန်ခံလာအောင် အချိန်ဆွဲပြီး လုပ်ဆောင်နေသည်ဟု အဆိုပါအမှုအား စောင့်ကြည့်နေသည့် ရန်ကုန်မြို့မှ ရှေ့နေတစ်ဦးက ပြောဆိုသည်။

“ သူမက ရခိုင်လည်း ဖြစ်ပြန်။ နယ်ကလည်း ဖြစ်တယ်။ မိသားစုကလည်း ဆင်းရဲနွမ်းပါးတယ်။ အားမရှိတော့ အားရှိသူတွေက ထင်တိုင်းကြဲတာကို ခံရတာပေါ့။ အမှန်က ဒီလိုအမှုမျိုးက ဒီလောက်ထိ အချိန်ဆွဲနေရာစရာမလိုဘူး။ အမှုကို စီရင်ရမယ့်အချိန်က မတရား အချိန်လွန်နေပြီ”ဟု ပြောသည်။

အမှုမဖြစ်မီ မစိုးစံသူသည် မိသားစုနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် တိုက်ခန်းတစ်ခန်းဝယ်ယူနေထိုင်ခဲ့သော်လည်း အမှုဖြစ်ပြီးနောက်တွင် အဆိုပါတိုက်ခန်းအား ၂၀၂၃ခုနှစ်၊အောက်တိုဘာ၈ရက်၊ညနေပိုင်းတွင် ချိပ်ပိတ်ခံလိုက်ရသည်ဟု သိရသည်။

အဆိုပါတိုက်ခန်းကို မစိုးစံသူ 29 (တူးနိုင်း) ရွှေဆိုင်တွင်မလုပ်ခင်ကတည်းက အမွေရသည့်ငွေများအပြင် မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာရှိ အိန္ဒိယဆိုင်ကယ် (ဒေသအခေါ် တုတ်တုတ်) တစ်စီးနှင့် အိမ်နှင့်ခြံကို ရောင်း၍ရသည့်ငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် သူမ၏ မိဘများသည် ရွှေပြည်သာမြို့နယ်တွင် အိမ်ခန်းငှား၍ နေထိုင်နေကြရသည်ဟုလည်း သူမ၏မိခင်က ပြောသည်။

ယခုအမှုကိစ္စနှင့်ပတ်သက်၍ 29 (တူးနိုင်း) ရတနာရွှေဆိုင်၏ မန်နေဂျာ ဦးမျိုးကိုကိုအောင်ကို နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုရာ လိုင်းမကောင်းသဖြင့် ဖုန်းချသွားခဲ့သည့်အတွက် 29 (တူးနိုင်း) ရတနာရွှေဆိုင်၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

မစိုးစံသူအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၈၁ သည် အလုပ်ရှင်ထံမှ အလုပ်သမားဖြစ်စေ၊ အိမ်ရှင်ထံမှ အစေခံဖြစ်စေ ခိုးယူခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။

ဓာတ်ပုံ - အင်တာနက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.