သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၅
မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်စွဲခဲ့သည့်နေရာများအနီးသို့ ဒေသခံများ သွားလာခြင်းမပြုကြရန် အာရက္ခတပ်တော်(AA)က တားမြစ်ထားသည်ဟု သိရသည်။
တောင်ကုတ်မြို့အခြေစိုက် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅)နှင့် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၄၆ နှင့် ၅၄၄ စသည့် စစ်ကောင်စီတပ်ရင်းများအနီးသို့ ဒေသခံများအနေဖြင့် သွားလာခြင်းမပြုကြရန် ကန့်သတ်နယ်မြေအဖြစ် AA က အသိပေးတားမြစ်ထားသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် AA က တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီနေထိုင်ခဲ့သည့် ကျေးရွာများ၊ တပ်ဆုတ်ခဲ့စဉ်က ထောင်ထားခဲ့သည့် ကားလမ်းပေါ်မှ မိုင်းများ၊ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များ၊ လမ်းများအား မိုင်းရှင်းလင်းရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိပြီး မေလ (၁)ရက်နေ့မှ ယခုဇွန်လပထမအပတ်အထိ မိုင်းအလုံးရေ (၅၀၀)ကျော်အထိ ရှင်းထုတ်နိုင်ခဲ့ပြီဟု AA နှင့်နီးစပ်သူ တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်ကောင်စီနေထိုင်ခဲ့တဲ့ရွာတွေ၊ လူနေအိမ်တွေ၊ လမ်းတွေ၊ မြို့ပေါ်ရပ်ကွက်က နေအိမ်တွေကအစ မိုင်းတွေရှင်းပေးနေတယ်။ မေလကနေ အခုလအထိ မိုင်းအလုံးရေ ၅၀၀ ကျော်ရှင်းလင်းထားပြီ။ ရှေ့ဆက်ပြီးလည်း ရှင်းလင်းရေးလုပ်နေကြပါတယ်"ဟု ပြောသည်။
မိုးတွင်းကာလရောက်ရှိလာပြီဖြစ်သည့်အတွက် ဒေသခံများအသက်မွေးဝမ်းကျောင်းပြုနေရသည့် နေရာများကို ဦးစားပေးကာ ရှင်းလင်းရေးလုပ်ပေးနေသည်ဟု သူက ပြောသည်။
"အဓိက ဒေသခံတွေသွားလာလုပ်စားနိုင်အောင် ရှင်းလင်းပေးတာဖြစ်တယ်။ မိုးတွင်းလည်း ရောက်ပြီ။ ဟင်းသွားဟင်းရှာကြတဲ့လူတွေ များလာတယ်လေ။ အတတ်နိုင်ဆုံးတော့ လုပ်ပေးနေပါတယ်" ဟုပြောသည်။
တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
တောင်ကုတ်မြို့ခံများသည် မြို့သိမ်းတိုက်ပွဲကာလအတွင်း မြို့ကိုစွန့်ခွာခဲ့ရစဉ် တိုက်ပွဲကြောင့် နေအိမ်များပျက်စီးသွားခြင်း၊ စစ်ဘေးရှောင်နေစဉ် ရှိစုမဲ့စုများကို ထုခွဲရောင်းချစားသောက်ခဲ့ရခြင်းများကြောင့် စားဝတ်နေရေးခက်ခဲမှုရှိနေကြသည်ဟု သိရသည်။
ယင်းကြောင့် မိုင်းနှင့် စစ်ကျန်လက်နက်များရှိနိုင်သည့် တောတောင်များသို့ အသက်အန္တရာယ်ကြားမှ သွားရောက်ရှာဖွေစားသောက်နေရသူများလည်းရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၆ ရက်ကလည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဦးကျော်ထွန်း(၇၂)နှစ်သည် တောင်ကုတ်မြို့နယ်ရှိ စကခ(၅)ဌာနချုပ်အနီးတွင်ရှိသော လယ်တဲသို့သွားရောက်စဉ် မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲခဲ့သည့်နေရာများအနီး မိုင်းနှင့် စစ်ကျန်ဗုံးသီးများပေါက်ကွဲမှုကြောင့် ဟင်းရှာသွားသည့် ဒေသခံ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦး၊ စုစုပေါင်း ငါးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
ဓာတ်ပုံ - မိုင်းနှင့် စစ်ကျန်ပစ္စည်းအချို့အား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။