မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၇/၂ဝ၂၅
ဘင်္ဂလားပင်လယ်အော်တွင် ယနေ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ယနေ့ ဇွန်လ ၁၇ ရက်၌ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု မိုး/ဇလက ယနေ့ နေ့လယ် ၂ နာရီအချိန် ထုတ်ပြန်ထားသည်။
“ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း လာမည့် ဇွန်လ ၂၂ ရက်အထိ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာနိုင်သည်ဟုလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ရခိုင်ဒေသအတွင်း နေ့စဉ်ရက်ဆက် မိုးထစ်ချုန်းရွာသွန်းနေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့သေးသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက်ပိုင်းတွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပြီး မေလ ၃ဝ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၏ အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ကာ အားပျော့သွားခဲ့သည်ဟု သိရသည်။
လက်ရှိမိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း မိုး/ဇလ၏ ဧပြီလ ၂၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ - မိုး/ဇလ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။