သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့အပိုင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ်(၁၄)နှင့် နှစ်မိုင်ခန့်အကွာတွင် အာရက္ခတပ်တော်(AA)ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ငဖဲမြို့၊ ကပစ(၁၄)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် နတ်ရေကန်တောင်ကို စစ်ကြောင်းထိုးနေသည့် တပ်မ(၉၉)ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA ပါဝင်သည့်တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ ယနေ့ ဇွန်လ ၁၇ ရက်နေ့၊ နံနက်မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားလျက်ရှိသည်ဟု ပဒါန်းဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မကွေး ကပစ-၁၄ နဲ့ နှစ်မိုင်လောက်ဝေးတဲ့နေရာမှာဖြစ်နေတာ။ ကပစ(၁၄)နဲ့ နတ်ရေကန်တောင်ထိပ်ကိုသွားတဲ့ကြားမှာ စစ်ကောင်စီစခန်းတွေရှိတယ်။ တပ်မ(၉၉)ဦးဆောင်ပြီး စစ်ကြောင်းက တောက်လျှောက် အသွားအပြန်လုပ်နေတာ။ အဲဒီစစ်ကြောင်းတွေနဲ့ဖြစ်နေတာ။ အခုညနေအထိဖြစ်နေတယ်" ဟု ပြောသည်။
ကပစ(၁၄)မှ ယခင်က လက်နက်ကြီးများပစ်ခတ်မှုမရှိသော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွားနေသည့် နေရာအနှံ့အပြားကို လက်နက်ကြီးကျည်များဖြင့် ပစ်ကူပေးနေသည်ဟု သူက ပြောသည်။
"ကပစဖက်က လက်နက်တွေစပစ်တယ်။ ကပစကိုလည်း စကစဖက်က အခိုင်အမာပြင်ဆင်ထားတယ်။ တင့်ကားတွေနဲ့လည်း ပစ်တယ်" ဟုပြောသည်။
ပဒါန်းလမ်းပေါ်မှ ငဖဲအပိုင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ် AA ထံ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၁၀ ရက်ပတ်ဝန်းကျင်က ကပစ(၁၄)တွင် ခြံစည်းရိုးများကိုအခိုင်အမာပြုလုပ်ပြီး ပတ်ပတ်လည်တွင်လည်း မိုင်းများထောင်ကာ လုံခြုံရေးကင်းများအပြည့်ချထားကြောင်း သိရသည်။
AA က နတ်ရေကန်ဗျူဟာတပ်စခန်းကိုလည်း တိုက်ခိုက်လျက်ရှိပြီး နတ်ရေကန်ကျသွားလျှင် ပဒါန်းရှိ ဆုံကုန်းအမြောက်တပ်ထံ AA ထိုးစစ်ရောက်လာနိုင်သလို စစ်ကောင်စီအတွက် အရေးပါသည့် ကပစစက်ရုံများသို့လည်း AA ဆက်လက်ရောက်ရှိနိုင်သည့်အတွက် မကွေးတိုင်းရှိ ကပစ စက်ရုံများတွင် ခံစစ်အကြီးအကျယ်ပြင်ဆင်ထားကြောင်း သိရသည်။
လက်ရှိတွင် အမ်း- ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း တောင်အောက်အနီးပတ်ဝန်းကျင်တွင်လည်း AA နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"နတ်ရေကန်တောင်အောက်ပတ်ဝန်းကျင်မှာလည်း ဖြစ်နေတယ်။ တိုက်ပွဲက နတ်ရေကန်နဲ့ ကပစလမ်း နှစ်နေရာဖြစ်တယ်လို့ ပြောလို့ရတယ်" ဟု ပြောသည်။
တပ်မ(၉၉)စစ်ကြောင်းများသည် လှိုင်ရွာဖက်မှ တစ်လမ်း၊ ဂုတ်ကြီးဖက်မှ တစ်လမ်းစသည့်ဖြင့် စစ်ကြောင်းခွဲကာ နတ်ရေကန်တောင်ထိပ်သို့ စစ်ကူစစ်ကြောင်းများထိုးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - AA Info Desk (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။