Preview

ဖားကန့်တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဒေသခံများနှင့်အတူ ရခိုင်အပါအဝင် ရွှေ့ပြောင်းအလုပ်သမားထောင်နှင့်ချီ စားဝတ်နေရေးခက်ခဲနေ

သဉ္ဇာနွယ် | ဇွန် ၁၈/ ၂၀၂၅ | ကြည့်ရှုသူ :2601
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၈/၂၀၂၅

ကချင်ပြည်၊ ဖားကန့်ဒေသတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒေသခံများနှင့်အတူ ရခိုင်အပါအဝင် ရွှေ့ပြောင်းအလုပ်သမားထောင်နှင့်ချီ စားဝတ်နေရေးခက်ခဲမှုနှင့်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ဖားကန့်တွင် နေရာအနှံ့အပြားဖြစ်နေသည့် တိုက်ပွဲများကြောင့် မှော်ဆီစာ၊ ခွန်ဆာကုန်း၊ လုံးခင်းရှိ ကချင်ဒေသခံများနှင့်အတူ ရခိုင်လူမျိုးများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားထောင်နှင့်ချီ ထွက်ပြေးနေရပြီး နေရာထိုင်ခင်းအပြင် စားဝတ်နေရေးအခက်ခဲဖြစ်နေကြသည်ဟု မှော်စီစာရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျနော်တို့အနီးအနားကလူ‌တွေက မှော်ဆီစာနဲ့ လုံးခင်းဖက်က ပိုများတယ်။ အခု လူ ၅၀၀ လောက် အခက်အခဲဖြစ်နေတယ်။ နောက်ထပ်တခြားနေရာမှာလည်း အများကြီးရှိသေးတယ်။ မိုးကလည်းရွာ၊ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပြေးလာရတော့ နေရာထိုင်ခင်းလည်း အဆင်မပြေဘူး။ အပြင်ထွက်ရင်လည်း ပစ်သတ်ခံရမှာကြောက်နေရတယ်"ဟု ပြောသည်။

ဖားကန့်ဒေသတွင် ရခိုင်ပြည်အပါအဝင် နယ်မြေဒေသအသီးသီးမှ အလုပ်လာလုပ်ကြသည့်ရွှေ့ပြောင်းအလုပ်သမားများမှာ ပို၍ အခက်အခဲကြုံနေရပြီး နီးစပ်ရာ တော၊ တောင်များတွင် ခိုလှုံနေကြရသည့်အတွက် အခက်ခဲဖြစ်နေကြရကြောင်း သိရသည်။

မှော်ဆီစာ ဘုရားကျောင်းကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် ပူးပေါင်းတပ်များက ဇွန်လ ၁၇ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဖက်က မှော်ဆီဆာအနီးတဝိုက်ကို ယနေ့ ဇွန်လ ၁၈ ရက်အထိ လေကြောင်းနှင့် လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိသဖြင့် ဒေသခံများ အသက်လုထွက်ပြေးနေရကြောင်း သိရသည်။

လုံးခင်း၊ မော်ဆီစာ၊ ခွန်ဆာကုန်း၊ ကုဋေစသည့်ကျေးရွာအနီးအနားများတွင် စစ်ရေးတင်းမာနေသည့်အတွက် စစ်ကောင်စီ၏လေကြောင်းရန်ကိုစိုးရိမ်၍ ဒေသခံများအား တိမ်းရှောင်ကြရန် ကချင်လွတ်လပ်ရေးတပ်တော်(KIA)နှင့် တာဝန်ရှိတော်လှန်ရေးတပ်ဖွဲ့များက ညွှန်ကြားထားသည်ဟု လုံးခင်း ရောက် ရခိုင်ရွေ့ပြောင်းအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"လုံးခင်းရဲစခန်းတောင်ကလည်း လက်နက်ကြီးပစ်နေတယ်။ မှော်စီစာမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ဖားကန့်မြို့ထဲက ဗျူဟာကုန်းကလည်း လက်နက်ပစ်နေတယ်။ လေကြောင်းအန္တရာယ်လည်းစိုးရိမ်ရလို့ ဒေသခံတွေကိုရှောင်တိမ်းကြဖို့ သက်ဆိုင်ရာတွေကတော့ ညွှန်ကြားထားပါတယ်" ဟု ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်၊ လေကြောင်းအပြင် လမ်းသွားလမ်းလာများအား မတရားသတ်ဖြတ်မှုရှိနေသဖြင့် အပြင်မထွက်ရဲသည့်အပြင် အလုပ်အကိုင်မရှိသည့်အတွက် အရေးပေါ်အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ဖားကန့်-လုံးခင်းလမ်းတစ်လျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းများသည် ဒေသခံပြည်သူများအား သေနတ်ဖြင့်ပစ်သတ်နေသည့်အတွက် ဇွန်လ ၁ ရက်မှ ၁၇ ရက်နေ့အထိ ‌ဒေသခံသေဆုံးမှု ၃၀ ဦးထက်မနည်းရှိလာနေကြောင်းလည်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

ဓာတ်ပုံ - ဖားကန့်ရှိ ရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.