Preview

ရခိုင်ပြည်သူအများစု အချိန်နှင့်တပြေးညီ သတင်းသိပိုင်ခွင့်ဆုံးရှုံးနေ

ကြိုင်ဟိန်းလင်း | ဇွန် ၁၈/ ၂၀၂၅ | ကြည့်ရှုသူ :2145
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၁၈/ ၂၀၂၅

ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်နေသည့် ရခိုင်ပြည်တွင် ပြည်သူများအနေဖြင့် အချိန်နှင့်တပြေးညီ သတင်းသိရှိခွင့်မရသည်မှာ ကာလရှည်စွာ ကြာမြင့်နေပြီဟု သိရသည်။

နေ့စဉ်ဖြစ်ပျက်နေသော သတင်းများအပြင် မိုင်းနှင့်ပတ်သက်သည့် အသိပညာပေးမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေများနှင့်ပတ်သက်၍လည်း ပြည်သူများအနေဖြင့် သိရှိခွင့်မရဟု ပြောဆိုကြသည်။

ထို့အတူ မုတ်သုံလေ အားကောင်းသော ယခုလို မိုးရာသီကာလအတွင်း မိုးသက်လေပြင်းကျရောက်နိုင်မှုများ၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်လာလျှင်လည်း ဒေသခံပြည်သူများအနေဖြင့် အချိန်နှင့် တပြေးညီ သတင်းသိရှိခွင့် ရရန် မလွယ်ကူဟု ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံ ကိုခိုင်အောင်ကျော်လင်းက ပြောသည်။

"အရင်တုန်းက ဖုန်းလိုင်းနဲ့အင်တာနက်တွေရတဲ့အတွက် တစ်ခုခုဆိုရင် ချက်ချင်းသိရတယ်။ အခု ဖုန်းလိုင်းတွေ မရတော့ မုန်တိုင်းရှိရင်လည်း မသိရဘူး။ ရေကြီးနေရင်လည်း မသိရဘူး။ သဘာဝဘေးအန္တရာယ်‌တွေ၊ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အရေးပေါ်ထုတ်ပြန်ချက်တွေကိုလည်း ရခိုင်ကလူတွေ မသိရဘူး" ဟု ပြောသည်။

ထို့အပြင် ပြည်သူလူထုများမှာ ဆိုလာမီးကိုသာ အသုံးပြုနေရပြီး မိုးသည်းထန်စွာရွာသွန်းသည့်နေ့များတွင် ဘတ်ထရီအဆင်မပြေမှုများရှိသည့်အတွက် တီဗွီကြည့်ခွင့်ပင် မရရှိကြဟု ဆိုကြသည်။

ယင်းကြောင့် ရခိုင်လူထုအချို့မှာ သတင်းများအတွက် ရေဒီယိုကိုသာ အားကိုးနေရကြရသည်ဟု မြေပုံမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

"အခုက ရေဒီယိုကိုပဲ အားကိုးနေရတယ်။ ရေဒီယိုကလည်း လူတိုင်းမှာ မရှိဘူး။ ဒါကြောင့် ဘယ်နေရာမှာ ဘာဖြစ်တယ်။ ဘာတွေဖြစ်ပျက်နေကြတယ်ဆိုတာကို လူထုက သိရှိခွင့် မရဘူး" ဟု ပြောသည်။

ထို့အတူ သတင်းတစ်ခုခုကို တဆင့်စကား တဆင့်ကြားသိရမှုနှင့်ပတ်သက်၍လည်း တိကျမှန်ကန်မှု ရှိ/ မရှိကို အတည်ပြုရန် ပြည်သူအနေဖြင့် ခက်ခဲမှု များစွာရှိသည်ဟု ဆိုသည်။

ထို့အပြင် ရခိုင်ပြည်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်သော နေရာအနီးတွင် မိသားစုဝင်များရှိနေသော်လည်း ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိနှင့်ပတ်သက်၍ ချက်ချင်းမသိနိုင်သည့်အတွက် စိုးရိမ်ကြောင့်ကြမှုများစွာရှိနေရသည်ဟု ပြည်ပကို ရောက်ရှိနေသည့် ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများမှာ ရခိုင်တပြည်လုံးနီးပါး တဖြည်းဖြည်း ပြတ်တောက်သွားခဲ့သည်။

ရခိုင်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း နေရာကွက်ကျားရခဲ့သော်လည်း ယင်းနောက်ပိုင်းမှစတင်ကာ ယခုအထိ လုံးဝ ပြတ်တောက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ရခိုင်မှ ရေဒီယိုနားထောင်နေသူတစ်ဦးအား ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#သတင်း#အင်တာနက်လိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.