နိရဉ္စရာ၊ ဇွန် ၁၉/၂၀၂၅
မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် အခြေစိုက် အရေးပါဆုံး စစ်ကောင်စီ၏စစ်စခန်း (၂) ခုအနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက် တိုက်ပွဲများမှာလည်း အရှိန်အဟုန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။
လက်ရှိကျောက်ဖြူအမှတ်(၃၂)ရဲတပ်ရင်းဝန်းကျင်အနီးနှင့် ဓညဝတီရေတပ်ဌာနချုပ်အနီးတို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ရဲတပ်ရင်းအနီး၌ဖြစ်ပွားနေသည့်တိုက်ပွဲမှာ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲမျိုးဖြစ်နေသည်ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာ ကိုပြောသည်။
"မိုးရွာနေတာ ၃ ရက်လောက်ရှိပြီ။ ရေတွေတောင်ပြည့်နေပြီ။ ဒါပေမယ့် တိုက်ပွဲက အရှိန်ကလျော့မသွားဘူး။ ရဲတပ်ရင်းကို စစ်ကောင်စီက ဘယ်လိုမှအကျမခံနိုင်လို့ အပြင်းအထန်ခုခံနေတာလို့ထင်တယ်။ နောက်ထပ် ဓည၀တီရေတပ်အနီးက မလကျွန်းနဲ့သစ်ပုတ်တောင်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်" ဟု ပြောသည်။
အမှတ်(၃၂)တိုက်ခိုက်ရေးရဲတပ်ရင်းသည် ကျောက်ဖြူမြို့မှ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာ၊ ကျောက်ဖြူမြို့ပေါ်ကို စိုးမိုးထားသည့် ဒိုးတန်းတောင်ပေါ်တွင် တည်ရှိပြီး စစ်ကောင်စီအတွက် မဟာဗျူဟာအရ အလွန်အရေးပါသော စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။
“ဒီရဲတပ်ရင်းက ရဲလို့နာမည်ခံထားတာ။ အကုန်စစ်သားတွေပါ။ အခု နောက်တန်းကလွှတ်လိုက်တဲ့စစ်ကူစစ်ကြောင်းနဲ့အရင်ထွက်တိုက်နေတဲ့ အကောင်တွေစုပေါင်းပြီး အေအေကိုခုခံတိုက်နေတာ” ဟု ပြောသည်။
အမှတ်(၃၂)ရဲတပ်ရင်းသည် စစ်ကောင်စီ၏ ကျောက်ဖြူမြို့နောက်ဆုံးခံစစ် ရဲတပ်ရင်းဖြစ်သဖြင့် စစ်ကောင်စီဖက်ကအထိနာသော်လည်း အသည်းအသန်ခုခံကာကွယ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု (ULA/AA)နှင့်နီးစပ်သူအမျိုးသားတစ်ဦးကလည်း နိရဉ္စရာကို ပြောသည်။
"ဒီရဲတပ်ရင်းက ကျောက်ဖြူမြို့ရဲ့ခံစစ်သဖွယ်ဖြစ်နေတယ်။ ရဲတပ်ရင်း(၃၂)သာကျသွားရင် ခမရ(၅၄၃)လည်း လူအင်အားမရှိဘူး။ ပြီးတော့ အခုအင်အားဖြည့်ထားတဲ့ ခမရ(၅၄၂)နဲ့ လေဆိပ်ကလည်း ကျောက်ဖြူကို အဲ့လောက်လုံခြုံမှုမပေးနိုင်ဘူး။ အမ်းတိုက်ပွဲမှာတောင် ဒီအခိုင်အမာလုပ်ထားတဲ့ ခမရ(၃၇၁)၊ (၃၇၂)တို့တောင် အေအေရဲ့ တိုက်ခိုက်မှုကိုခံနိုင်ရည်မရှိခဲ့ဘူးလေ။ ဒါကြောင့် ဒီ(၃၂)ရဲတပ်ရင်းလည်း အချိန်တစ်ခုပါဘဲ။ အခုအချိန်ထိတော့ စစ်ကောင်စီအတွက် မြို့မကျရေးမှာ ဒီရဲတပ်ရင်းက အရေးပါနေတာ"ဟုပြောသည်။
၎င်းပြင် ကျောက်ဖြူမြို့ ဓညဝတီရေတပ်ဌာနချုပ်နှင့် အနီးအနားရှိ မလကျွန်းနှင့် သစ်ပုတ်တောင်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဘက်အပြန်အလှန်တိုက်ခိုက်နေကြသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် မြို့ပေါ်ဧရိယာအနည်းငယ်နှင့် တပ်စခန်းရှိသော နေရာများမှအပ မြို့နယ်တစ်ခုလုံး၏ ကျန်ကျေးရွာအုပ်စု အများအပြားကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး နောက်ဆုံး ကျောက်ဖြူမြို့ကို ကာကွယ်ထားသည့် အမှတ် (၃၂) ရဲတပ်ရင်းအနီးနှင့် ရခိုင်ပြည်တွင် အကြီးဆုံး ရေတပ်ဌာနချုပ်ဖြစ်သည့် ဓည၀တီရေတပ်ဌာနချုပ် အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ကျောက်ဖြူသည် တရုတ်စီမံကိန်းကြီးအများအပြားတည်ရှိသည့် မြို့နယ်ဖြစ်သော်လည်း ခလ၇ (၃၄)၊ ခမရ (၅၄၁)၊ (၅၄၃)၊ ရဲတပ်တပ်ရင်း(၃၂) နှင့် ဓည၀တီရေတပ်ဌာနချုပ်နှင့် ၎င်းရေတပ် ဌာနချုပ်ကို ကာထားသော အုန်းကျွိန် ရေတပ်စခန်းတို့ တည်ရှိသည်။
ကျောက်ဖြူမြို့တွင် ဗျူဟာအရရော စစ်ရေးအရပါ အခိုင်အမာ တည်ဆောက်ထားသည့် ရဲတပ်ရင်း ၃၂ ကျသွားပါက ကျောက်ဖြူလည်း စစ်ကောင်စီအတွက် အခြေအနေမလှ ဖြစ်သွားနိုင်သည်ဟု စစ်ရေး လေ့လာအကဲခတ်သူများက ပြောကြားသည်။