Preview

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပမည်

မောင်စာဂ | ဇွန် ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :3818
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၉/၂ဝ၂၅

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် လာမည့်သြဂုတ်လ ၁ဝ ရက်၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု ပွဲကျင်းပရေးကော်မတီမှ သိရသည်။

အဆိုပါရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို သြဂုတ်လ ၁ဝ ရက်(တနင်္ဂနွေနေ့)တွင် တိုကျိုမြို့ရှိ တိုရာမ(Toyama)ပန်းခြံအတွင်း ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။

သင်္ကြန်ပွဲတော်သို့ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ဂျပန်ယမ်းငွေ တစ်ထောင်သတ်မှတ်ထားသည်ဟုလည်း ပွဲကျင်းပရေးကော်မတီဝင် ပြန်ကြားရေးတာဝန်ခံ ကိုစိုးက နိရဉ္စရာကို ပြောသည်။

“ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က အဓိက ကျနော်တို့ ရခိုင်ရိုးရာသင်္ကြန်သည် လက်ရှိ ဗမာသင်္ကြန်နဲ့ မတူကွဲပြားမှုတွေရှိတယ်ဆိုတာကို ဂျပန်ရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအပါအဝင် ဂျပန်အစိုးရကိုယ်တိုင်ကလည်း သိရှိနားလည်စေချင်တယ်ဆိုတဲ့ဆန္ဒနဲ့ လုပ်ရတာဖြစ်ပါတယ်။ နောက်တစ်ခုရည်ရွယ်ချက်ကဘာလဲဆိုတော့ ရရှိလာတဲ့ အမြတ်အစွန်းတွေကို ရခိုင်ပြည်မှာ ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ကူညီသွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါပွဲတော်တွင် ရခိုင်ရိုးရာရေကစားမဏ္ဍပ်အပြင် ရခိုင်ရိုးရာအဆိုအကများ၊ ရခိုင်ရိုးရာသံချပ်၊ ရခိုင်ရိုးရာယဉ်ကျေးမှုပြခန်း၊ အမှတ်တရပစ္စည်းဆိုင်များ၊ တိုင်းရင်းသားရိုးရာအဆိုအကများနှင့် ရခိုင်/မြန်မာ ရိုးရာအစားအသောက်ရောင်းချပွဲများကိုလည်း ထည့်သွင်းပေးသွားမည်ဟု သိရသည်။

blob
ဓာတ်ပုံ - ဂျပန်နိုင်ငံရှိ ပန်းခြံတစ်ခုအတွင်း တွေ့ရစဉ်။
ဂျပန်နိုင်ငံတွင် သြဂုတ်လသည် အပူဆုံးရာသီကာလဖြစ်ပြီး ထိုလတွင် နွေရာသီအားလပ်ရက်လည်းရှိသည်ဟု ဂျပန်ရောက် ရခိုင်များက ပြောသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကာလသည် တန်ခူးလ(ဧပြီလ)တွင်သာရှိသည်ဟု သတ်မှတ်ထားသော်လည်း ဂျပန်နိုင်ငံ၏ ကာလံဒေသံအရ သြဂုတ်လတွင်သာကျင်းပရခြင်းဖြစ်သည်ဟု ကိုစိုးက ဆက်ပြောသည်။

“ကျနော်တို့အခုပြသမဲ့ပွဲက သင်္ကြန်ထက် ယဉ်ကျေးမှုကို ပြသချင်တာပါ။ ရခိုင်ရိုးရာသင်္ကြန်ဟာ ဒီလိုရှိတယ်ဆိုတာကို ဒီလိုယဉ်ကျေးမှု၊ ဒီလိုမျိုးရှိကြတယ်။ ဒီလိုမျိုး လေးလေးနက်နက်ရှိတယ်ဆိုတာကို ပြသချင်တဲ့သဘောပါ။ ဒါကိုလည်း ရခိုင်သူ၊ ရခိုင်သားတွေအနေနဲ့ နားလည်သဘောပေါက်ပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရောက်နေတာက တခြားတိုင်းတစ်ပါးကို ရောက်နေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရခိုင်သင်္ကြန်ဟာ လေးလပိုင်းမှာပဲချတာလို့ အဲလို အစွဲနဲ့ပြောလို့မရပါဘူး”ဟု ပြောသည်။

အဆိုပါပွဲတော်တွင် အခြား တိုင်းရင်းသားညီအစ်ကိုမောင်နှမများလည်း ပူးပေါင်းပါဝင်မည်ဟု သိရသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံရှိ ကမ်းခြေတစ်ခုတွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း အကျဉ်းသဘောမျိုး ကျင်းပခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ - ရခိုင်ရိုးရာသင်္ကြန်ပွဲတော်အတွင်း ရေပက်ကစားနေကြသည့် ရခိုင့်လှပျိုဖြူအချို့ကို တွေ့ရစဉ်။ (Photo – Reuters)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ရိုးရာယဉ်ကျေးမှု အစဉ်အလာ#သင်္ကြန်ပွဲတော်# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.