Preview

အမ်းတွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားနေ

သဉ္ဇာနွယ် | ဇွန် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :2277
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၀/၂၀၂၅

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားနေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်တစ်ခုလုံးတွင် ယခုနှစ်မိုးတွင်းကာလ ခြင်များ ပေါများသည့်အတွက် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါဖြစ်ပွားမှုများပြားနေသည်ဟု အမ်းစစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရွာတိုင်းလိုလိုဖြစ်နေတာ။ အခုနှစ် ခြင်တအားပေါတယ်။ ပြီးတော့ ကိုယ့်အိမ်မှာလို လုံလုံခြုံခြုံမနေရ။ သူများအိမ်မှာ ကပ်ခိုနေရတော့ စောင်တစ်ထည်နဲ့ တမိသားစုခြုံနေရတဲ့အနေအထားရှိတယ်။ ခြင်ကိုက်တာ၊ အအေးမိတာကနေ စဖြစ်တာ။ ဆေးဝါးတွေကအစ ပြတ်လပ်နေတယ်။ ဝယ်ချင်တိုင်းဝယ်လို့ မရဘူး" ဟုပြောသည်။

စစ်ရှောင်များနှင့် ဒေသခံများမှာ အမိုးအကာမလုံလောက်မှု၊ စောင်နှင့် ခြင်ထောင်များ လုံလောက်မှုမရှိ၍ အခက်ခဲဖြစ်နေကြပြီး မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးဒဏ်ကိုလည်း ခံစားနေရကြောင်း အမ်းချောင်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မိုးလည်း ရွာတယ်။ ရေကတော့ ပုံမှန်ပြည့်နေကျအတိုင်းပြည့်ပေမယ့် ဒီထက်ဆိုးရင် နေအိမ်တွေအထိရေပြည့်နိုင်တယ်။ အမ်းချောင်းနဲ့ ဒလက်ချောင်းကတော့ ရေပြည့်နေတယ်။ စိုစွတ်တယ်၊ ဖျားတယ်။ ကုစရာဆေးက ရှားနေတယ်။ စားဝတ်နေရေး၊ ကျန်းမာရေးကအစ အခက်ခဲဖြစ်နေတယ်" ဟုပြောသည်။

blob

လက်ရှိ ဇွန်လအတွင်း မိုးရွာသွန်းမှုကြောင့် အမ်းချောင်းကိုမှီခိုနေရသည့် ဘုတ်ချောင်း၊ ကိုးကန်တန်၊ ညောင်ချောင်း၊ ဂဲလောင်း၊ စခန်းမော်၊ ကူတိုးဆိပ်၊ ဝက်မီးတို၊ တိုက်မော်ရွာအပါအဝင် ဒါးလက်ချောင်းမှာဆိုလျှင် ဒါးလက်ချောင်း၊ ဆင်ဦးတိုက်၊ ကဇုကိုင်း၊ ကျောက်ဆင်၊ အောက်ရွာဟောင်း၊ အထက်ရွာဟောင်း၊ နတ်မော်၊ မြသိန်းတန်စသည့်ကျေးရွာများလည်း စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ရေလွှမ်းမိုးဒဏ်တို့ကိုခံစားနေရကြောင်း ဒေသခံများက ပြောသည်။

အာရက္ခတပ်တော်(AA)၏ ကျန်းမာရေးဌာနကလည်း လက်လှမ်းမီနိုင်သည့် ကျေးရွာများကို ဆေးကုသပေးမှုရှိသည်ဟု အမ်းမြို့နယ်ရှိ (ULA/AA)မှ တာဝန်ရှိသူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျန်းမာရေးဌာနက ဆေးဘက်ဆိုင်ရာတာဝန်ကျတဲ့သူတွေကတော့ ဆေးဝါးတွေရှားပေမယ့် တရွာဝင်၊ တရွာထွက် ရှိတဲ့ဆေးနဲ့သက်သာအောင် လိုက်ကုပေးနေတာရှိတယ်။ ရှိတဲ့ဆေးနဲ့မျှအောင် ကုပေးနေရတဲ့အနေအထားရှိတယ်။ အနည်းဆုံး အသက်သေဆုံးမှုအထိမဖြစ်ရအောင် ကာကွယ်နိုင်တာပေါ့။ ရခိုင်ကိုစစ်ကောာင်စီဖက်က ဆေးဝါးတွေကို အဓိက ပိတ်ပင်ထားတယ်လေ" ဟု ပြောသည်။

သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါသည် ခြင်ကိုက်ခံရခြင်းမှ ကူးစက်ဖြစ်ပွားတတ်သည့်ရောဂါများဖြစ်သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာ (၁၃)ရက်နေ့မှစ၍ စစ်ကောင်စီက ပြည်မဖက်မှ ရခိုင်သို့ကုန်သွယ်နိုင်သည့် လမ်းများအားလုံးကိုပိတ်လိုက်ပြီး ဆေးဝါးတင်သွင်းမှုအား အဓိက ပိတ်ပင်တားမြစ်ထားသဖြင့် အမ်းမြို့နယ်အပါအဝင် ရခိုင်တွင် သောက်ဆေး၊ ထိုးဆေးနှင့် ပဋိဇီဝဆေးများ ရှားပါးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေကို မသိနိုင်သေးသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်အထိ ရှိခဲ့ကြောင်း AA ၏ စာရင်းများအရ သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ အမ်းမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ၏အန္တရာယ်ကြောင့် ဒေသခံအများစု နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဟု သိရသည်။

ဓာတ်ပုံ - AA ဆေးတပ်ဖွဲ့ဝင်များက ရခိုင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ကျန်းမာရေးစောင့်ရှောက်မှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.