Preview

မင်းပြားရှိ ခမရ ၃၈ဝ တပ်အနီးကို စစ်ကောင်စီ ညဉ့်အချိန် ဗုံးလာကြဲမှု လူအထိအခိုက်မရှိခဲ့

ကြိုင်ဟိန်းလင်း | ဇွန် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :2986
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၂၀/ ၂၀၂၅

ရခိုင်ပြည်၊ မင်းပြားမြို့အနီး စစ်ကောင်စီတပ်စခန်းချခဲ့သည့် ခမရ ၃၈၀ တပ်အနီးကို စစ်ကောင်စီတပ်က ဇွန် ၁၉ ရက် ညဉ့်အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ပျက်စီးသွားသော်လည်း လူ ထိခိုက်မှုမရှိခဲ့ဟု သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။

အဆိုပါခမရ ၃၈ဝ တပ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားခြင်းဖြစ်သည်။

မင်းပြားမြို့နယ်တစ်ခုလုံးကိုလည်း AA က ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် မင်းပြားမြို့အား ညဉ့်အချိန် ဗုံးကြဲပြီးနောက် ပေါက်တောမြို့နယ်မှ ကျေးရွာတချို့ကိုပါ ဆက်လက်ဗုံးကြဲခဲ့သည်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် စစ်ကိုင်းငလျင်ကြောင့် အပစ်ခတ်ရပ်စဲသည်ဟု အကြိမ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မြေပြင်တွင် အပစ်ရပ်ခြင်းမရှိသည့်အပြင် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာ ရပ်ကွက်များသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာများမှာ ရခိုင်လူထုနေထိုင်ရာ ရခိုင်ပြည်နေရာအနှံ့အပြားသို့ နေ့ညမပြတ် ပျံဝဲလျက်ရှိသည့်အတွက် ကလေးသူငယ်များအပါအဝင် ဒေသခံပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်ကောင်စီက အပစ်ထားစဉ် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာ(ဟောင်း)နှင့် ကျောက်တော်မြို့၊ ရွာမရပ်ကွက်တို့အပါအဝင် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂၀) ဦးသေဆုံးကာ ၄ဝ ကျော်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

စစ်ကောင်စီနှင့် AA တို့သည် လက်ရှိအချိန်၌ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ- ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့စဉ်က ပြိုပျက်သွားသည့် နေအိမ်တချို့
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.