လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၂၀ /၂၀၂၅
ရခိုင်ပြည်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် မြေမြှုပ်မိုင်းအလုံးရေ ၂ဝဝဝ ကျော်ကို အာရက္ခတပ်တော်(AA)က ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။
ထိုသို့ရှင်းလင်းရာတွင် သံတွဲမြို့နယ်တွင် မြေမြှုပ်မိုင်းအလုံးရေ ၅၀၀ ခန့်နှင့် ဂွမြို့နယ်တွင် ၁၅၀၀ ကျော်ခန့်အ ထိ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
AA နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက “ငပလီကမ်းခြေဖက်ကို အခုထိ ပြည်သူတစ်ချို့ကို ဝင်ခွင့်မပေးသေးတာ အကြောင်းရှိတယ်။ စစ်ကောင်စီ ထောင်ထားခဲ့တဲ့မိုင်းတွေ နည်းတာမှမဟုတ်တာ။ နောက် ဂွဖက်လမ်းကြောတစ်လျှောက် တောတောင်တွေ၊ စစ်တပ်အထိုင်ချခဲ့တဲ့နေရာတွေ အကုန်ရှင်းပေးနေပါတယ်”ဟု ပြောသည်။
သံတွဲနှင့် ဂွ မြို့နယ်တို့ကို AA က အပြီးသတ် သိမ်းပိုက်ပြီးနောက်ပိုင်း ယင်းဒေသများရှိ စစ်ကောင်စီတပ် စခန်းချခဲ့သောနေရာများ၊ တောတောင်၊ ကားလမ်း၊ လူနေခြံဝင်းများပါမကျန် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း ဒေသခံများမှ သိရသည်။
ဂွမြို့ဒေသခံအမျိုးသားတစ်ဦးက “AA က မိုင်းတွေရှင်းနေတာတွေ့ပါတယ်။ အဲအထဲမှာ မြေမြှုပ်မိုင်းအပြင် စစ်ပွဲတုန်းက စစ်ကောင်စီပစ်ထားခဲ့တဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံးသီးတချို့လည်း တွေ့ရတယ်။ သူတို့တပ်ဆုတ်သွားတဲ့လမ်းတစ်လျှောက်က တောတောင်တွေအပြင် အရပ်သားပြည်တွေရဲ့ လယ်ယာ စိုက်ခင်းတွေမှာပါ လုပ်စားမရအောင် မိုင်းထောင်ထားခဲ့တယ်” ဟု ပြောသည်။
AA က သံတွဲမြို့နယ်ကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နှင့် ဂွမြို့နယ်ကို ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ မိုင်းထောင်ထားခဲ့မှုကြောင့် တောတောင်ကို မှီခိုစီးပွားရှာရသော သံတွဲနှင့် ဂွဒေသခံများသည် ထင်းရှာ၊ ဟင်းရှာ၊ လယ်စိုက်၊ ကိုင်းထွန်မှအစ မိုင်းနင်းမိပြီး သေဆုံး ထိခိုက်ဒဏ်ရာရခြင်းများ မကြာခဏကြုံတွေ့နေရကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း သံတွဲနှင့် ဂွမြို့နယ်အပါအဝင် ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၆ဝ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာ၏မှတ်တမ်းများအရ သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် သံတွဲအပါအဝင် အာရက္ခဒေသအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ - AA ရှင်းလင်းထားသည့် မိုင်းနှင့် စစ်ကျန်ပစ္စည်းအချို့အား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။