ပိုးဝါ၊ နိရဉ္စရာ၊ ဇွန် ၂၁/၂၀၂၅
ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဘတ်ခြောက်သန်းထီဆုကို ရခိုင်ရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆွတ်ခူးသွားကြောင်း သတင်းရရှိသည်။
ထိုင်းထီ ဘတ်ခြောက်သန်းပေါက်သူမှာ ရခိုင်ပြည် အမ်းမြို့နယ်၊ ရူးစံပြကျေးရွာမှ ဦးမောင်ရွှေမိုးနှင့် ဒေါ်စိုးစိုးကြည်တို့၏သား ကိုဇင်မျိုးထွန်းဖြစ်သည်။
သူသည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ထွက်ရှိသည့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးထီဆု ဘတ် ခြောက်သန်းကို ကံထူးခဲ့ခြင်းဖြစ်သည်။
ကိုဇင်မျိုးထွန်းက “နောက်နောင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ ကံထူးဆွတ်ခူးနိုင်ကြပါစေ”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကိုဇင်မျိုးထွန်းကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေကြားမှုမရှိသေးပါ။
ထိုင်းနိုင်ငံရှိ ရခိုင်ရွှေ့ပြောင်းလုပ်သားထဲမှ ထီဆုကြီးပေါက်သည့်အတွက် ဝမ်းသာဂုဏ်ယူသည်ဟုလည်း ရခိုင်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည့် ဒေါ်ခင်အေးက ပြောသည်။
“ကျမတို့တွေ ဒီမှာ ခက်ခဲပင်ပန်းတယ်အလုပ်လုပ်ရတာ။ တန်ရာတန်ကြေးလည်း ရချင်မှရတာ။ အခုလိုမျိုး ပေါက်တာသိရတော့ ထပ်တူဝမ်းသာတယ်။ တခြားကိုယ့်လူမျိုးတွေကိုလည်း အဆင်ပြေစေချင်တယ်”ဟု ပြောသည်။
ကိုဇင်မျိုးထွန်းတို့မိသားစုသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်စက်တစ်ခုတွင် အလုပ်လုပ်ကိုင်နေစဉ် ယခုထီဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထီဆု ဘတ်ခြောက်သန်းသည် မြန်မာကျပ်ငွေနှင့်ဆိုလျှင် ကျပ်သိန်း ရှစ်ထောင်ကျော်တန်ဖိုးရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကလည်း ထိုင်းထီဘတ်ခြောက်သန်းဆုကို ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ဇာတိ ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသားတစ်ဦးက ဆွတ်ခူးခဲ့ဖူးသေးသည်။
ထိုင်းနိုင်ငံတွင် တစ်လလျှင် နှစ်ကြိမ်စီ ပုံမှန်ဖွင့်လှစ်နေသည့် ထိုင်းထီတွင် အနိမ့်ဆုံးဆုငွေ ထိုင်းဘတ် ၂,၀၀၀ မှ အမြင့်ဆုံးဆုငွေ ထိုင်းဘတ် ခြောက်သန်းအထိ ပါဝင်သည်ဟု သိရသည်။
ဓာတ်ပုံ - ကိုဇင်မျိုးထွန်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။