Preview

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ "သူပုန်ဖြူ”ကဗျာစာအုပ်လေလံတင်မှု အမေရိကန်ဒေါ်လာ ၅၀၀၀ အထိရရှိ‌နေ

သဉ္ဇာနွယ် | ဇွန် ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :1525
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၁/၂၀၂၅

အာရက္ခတပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထုတ်ဝေသည့် "သူပုန်ဖြူ" ကဗျာစာအုပ်လေလံတင်မှုတွင် အမေရိကန်ဒေါ်လာ ၅၀၀၀ အထိရရှိနေပြီဟု သိရသည်။

သူပုန်ဖြူကဗျာ စာအုပ်အား လေလံတင်ရာတွင် ယမန်နေ့ ဇွန်လ (၂၀) ရက်နေ့က ကဗျာစာအုပ် အမှတ်စဉ် (၀၀၆၆၆)ကို ပရိသတ်တစ်ဦးက အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့် ဝယ်ယူအားပေးကာ "သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ"အရှိန်အား မြှင့်တင်ပေးလိုက်ကြောင်း “သူပုန်ဖြူ” ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြထားသည်။

အဆိုပါကဗျာစာအုပ်အား ပြီးခဲ့သည့် မေလတတိယပတ်တွင် စတင်ရောင်းချခဲ့ရာ ပရိသတ်တစ်ဦးက မေလ ၂၃ ရက်၌ အမေရိကန်ဒေါ်လာ တစ်ထောင်ဖြင့် ကဗျာစာအုပ် အမှတ်စဉ် (၁၁၅၄၃) ကိုစတင်ဝယ်ယူပြီး ပထမဆုံး လေလံစဆွဲခဲ့သည်ဟု သိရသည်။

"သူပုန်ဖြူကဗျာ" စာအုပ်အား လေလံဆွဲပွဲတွင် နောက်ထပ်လည်း လွတ်လပ်စွာ ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားသည်။

blob

လက်ရှိတွင် အဆိုပါကဗျာစာအုပ်အား မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့တွင် ဝယ်ယူအားပေးသူများသဖြင့် အုပ်ရေ တစ်သောင်းထုတ်ဝေမည်ဟု စဉ်းစားထားသော်လည်း ကြိုတင်မှာယူသည့် စာရင်းများအရ အုပ်ရေ တစ်သောင်းလေးထောင်အုပ်အထိ တိုးမြှင့်ထုတ်ဝေခဲ့ရသည်ဟု ဆိုသည်။

သူပုန်ဖြူကဗျာပရိသတ် ကိုလင်းနိုင်ချေက "သူပုန်ဖြူစာအုပ်က လက်ရှိတော်လှန်ရေးဖြတ်သန်းနေရတဲ့ကာလနဲ့ ပြည်သူတွေခံစားနေရတဲ့ ခံစားချက်နဲ့ ကဗျာ၏အနှစ်သာရက တစ်ထပ်တည်းကျတယ်။ အဲဒီအတွက်ကြောင့် အားလုံးရဲ့ရင်ထဲကို သူပုန်ဖြူကဗျာ စာအုပ်ရောက်သွားတယ်။ ဒါကြောင့် စိတ်ဝင်စားဖို့ကောင်းတယ်"ဟု ပြောသည်။

အဆိုပါစာအုပ်တစ်အုပ်လျှင် မြန်မာငွေ ကျပ်ခုနှစ်သောင်းသတ်မှတ်ထားပြီး ပြည်ပရောက်သူများဝယ်ယူနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ နိုင်ငံအလိုက် ဈေးနှုန်းသတ်မှတ်ပေးထားသည်ဟု သိရသည်။

အဆိုပါစာအုပ်ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကိုလည်း စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါပေးဆပ်စွန့်လွှတ်ထားရသည့် တော်လှန်ရေးရဲဖော်တိုင်းအား အချိုးကျ မျှဝေကူညီမည်ဖြစ် ကြောင်း သိရသည်။

စာအုပ်ပါကဗျာများကို ရခိုင်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားပြီး ကဗျာပုဒ်ရေ ၄ဝ ခန့်ပါဝင်သည်ဟုလည်း သိရသည်။

အဆိုပါကဗျာများမှာ တော်လှန်ရေးကာလဖြတ်သန်းခဲ့ရသည့် စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးစသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဒေါက်တာညိုထွန်းအောင်သည် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်အတွင်းကလည်း "သူပုန်ဖြူ"အမည်ရှိကဗျာစာအုပ်တစ်အုပ်ကို ရခိုင်၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်စသည့် ဘာသာစကား လေးမျိုးဖြင့် ထုတ်ဝေခဲ့သေးသည်။

ဓာတ်ပုံ - သူပုန်ဖြူ

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.