Preview

ကျောက်ဖြူ တိုက်ပွဲတွင် စစ်သင်တန်းဆင်းမွတ်ဆလင်များနှင့် ပြည်သူ့စစ်များ ထိခိုက်သေ‌ဆုံးမှုများနေ

သဉ္ဇာနွယ် | ဇွန် ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :3752
ရခိုင် သတင်း

(သတင်းပေါက်ကြားမည်ကို စိုးရိမ်၍ ွတ်ဆလင်ဒဏ်ရာရသူများကို လျှို့ဝှက်ဆေးကုပေး)

နိရဉ္စရာ၊ ဇွန် ၂၁/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ တိုက်ပွ ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ရေးကျွမ်းကျင်မှုမရှိသည့် စစ်သင်တန်းဆင်းမွတ်ဆလင်များနှင့် ပြည်သူ့စစ်မှုထမ်းများကို အသုံးချတိုက်ခိုက်နေ၍ ထိခိုက်သေ‌ဆုံးမှုများရှိနေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများတွင်  (၄၅)ရက်သင်တန်းဆင်းထားသည့် ကျောက်တလုံးစစ်ဆေးရေးဂိတ်မှမွတ်ဆလင်များကိုသာမက စစ်တွေမြို့မှပြည်သူ့စစ်သင်တန်းဆင်းမွတ်ဆလင် လူငယ်များကိုပါ ကျောက်ဖြူစစ်မြေပြင်သို့ပို့ဆောင်ကာ အသုံးပြုတိုက်ခိုက်မှုများ ရှိနေသည်ဟု စစ်‌ရေးရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောက်ဖြူတိုက်ပွဲမှာ ဘာစစ်ရေးအတွေ့အကြုံမှ မရှိတဲ့ မွတ်ဆလင်တွေနဲ့ပြည်သူ့စစ်သင်တန်းဆင်းတွေ ဒီလထဲမှာသေတာပိုများတယ်။ စစ်သင်တန်းဆင်းမွတ်ဆလင်တွေက ကျောက်ဖြူကသာမက စစ်တွေက စစ်ကူပို့တဲ့ သူတွေလည်းပါတယ် စစ်ရေးလည်းကျွမ်းကျင်မှုမရှိဘဲ စစ်တပ်ကဖိအားပေးပြီး ရှေ့တန်းမှာ တိုက်ခိုင်းတယ်

လက်ရှိ တိုက်ပွဲများအတွင်း မွတ်ဆလင်စစ်သင်တန်းဆင်းများ အလောင်းအချို့ကို တွေ့ရှိရသလို ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထွက်ဆိုချက်အရ ယခုကျောက်ဖြူစစ်ပွဲတွင် မွတ်ဆလင် စစ်မှုထမ်းများကို အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု ၎င်းက ပြောဆိုသည်။

၎င်းပြင် စစ်ကောင်စီသည် ဒဏ်ရာရသူ၏ တပ်သားများအား ရန်ကုန်၊ စစ်တွေနှင့် ကျောက်ဖြူ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း မွတ်ဆလင်စစ်သားများကို သတင်းပေါက်ကြားမည်ကို စိုးရိမ်၍ တပ်တွင်းနှင့် ကျောက်တစ်လုံးဂိတ်တို့တွင် လျှို့ဝှက်စွာကုသပေးနေသည်ဟု ဆိုသည်။  

"စစ်ကောင်စီဖက်ကဒဏ်ရာရရင် ကျောက်ဖြူဆေးရုံနဲ့ စစ်တွေ၊ ရန်ကုန်ဆေးရုံမှာကုတယ်။ မွတ်ဆလင်တွေကိုကျ‌  တော့ စစ်ကောင်စီက မြို့ပေါ်တွေနဲ့ရန်ကုန်မှာကုသခွင့်မပေးဘူး။ မွတ်ဆလင်တွေကို အသုံးပြုတယ်ဆိုတာကို ပြည်သူတွေသိမှာသူတို့ကြောက်တယ်။ စစ်သက်တမ်းနုတဲ့သူကို အတင်းအဓမ္မခိုင်းလို့သေတာကို ကမ္ဘာကမြင်မှာကြောက်တယ်"ဟုပြောသည်။

သို့သော်လည်း လက်ရှိ ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းတွင် လက်နက်ကိုင်စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်များကိုလုံခြုံရေး အစောင့်ချထားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်းထိခိုက် သေဆုံးတဲ့ မွတ်ဆလင်စစ်သားတွေကို ကျောက်တလုံးကယ်ဆယ်ရေးစခန်းအနီးတွင် မြှုပ်နှံပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း အဆိုပါကျောက်တလုံးစခန်းမှာသာကမ စစ်ကောင်စီ တပ်ရင်းတွေနဲ့ ကျောက်တစ်လုံးဂိတ်မှာ စစ်တပ်က တိတ်တဆိတ်ဆေးလာကုပေးနေတာတွေရှိနေတယ်ဟု ပြောသည်။ 

အဆိုပါ မွတ်ဆလင်စစ်သင်တန်းဆင်းများ ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီက အသုံးပြုနေမှုနှင့် ပတ်သက်၍ အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားမှုမရှိသေးပါ။

ဗိုလ်ရာဇာဦးဆောင်သည့် ရခိုင်တပ်မတော်စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ဦးခိုင်တင်တင်မောင်က "စစ်ကောင်စီဟာ နည်းလမ်းမျိုးစုံနဲ့ ပြည်မဖက်ကလူငယ်တွေကို စစ်သားသစ်စုဆောင်တယ်။ ရခိုင်ပြည်ထဲက သူတို့ထိန်းချုပ်ထားတဲ့နေရာတွေက မွတ်ဆလင်လူငယ်တွေကိုစုဆောင်းတယ် ပြီးတော့ ရှေ့တန်းစစ်မြေပြင်ကို ပို့တယ်။ သူတို့က စစ်ရေးကိုမပြောနဲ့။ သင်တန်းတောင်ကောင်းကောင်းပြည့်၀အောင်တက်ရတာမဟုတ်ဘူး ဒီလိုလုပ်ရပ်ဟာ စစ်ဗိုလ်ချုပ်တွေ လူကြီးတွေက သက်သက် သူတို့လွတ်မြောက်ဖို့အတွက် ထိုးကျွေးနေတာ"ဟုနိရဥ္စရာကို သုံးသပ်ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းကလည် ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ လူငယ်အမျိုးသား ၁၀၇ ဦးကို  စစ်သင်တန်းပေးရန် စစ်တပ်ဗျူဟာမှူး ကိုယ်တိုင် လာရောက်ပြီးအတင်း အဓမ္မစာရင်းကောက်ယူသွားပြီး လက်ရှိတွင် စစ်မျက်နှာပြင်တွင်အသုံးပြုလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

#စစ်ရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.