နိရဉ္စရာ၊ ဇွန် ၂၃/ ၂၀၂၅
ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ကလေး ၃ ယောက်၏ ဖခင် အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးသည် ပွဲစားအဆက်အသွယ်ဖြင့် ကျပ် (၁၆) သိန်းပေးပြီး ရန်ကုန်သို့ သွားရာ ပြည်ဂိတ် န၀ဒေးတံတားတွင် ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ပို့ဆောင်ခံလိုက်ရသည်ဟု သတင်းရရှိသည်။
၎င်းသူမှာ အမ်းမြို့နယ်၊ နွားရုံတောင်အုပ်စု၊ နွားရုံတောင်ရွာမှ ကိုနေဇော်ထက်(၃၈)နှစ် (ဘ) အဖဦးခိုင်စောအောင်ဖြစ်ကြောင်းသိရသည်။
အဆက်အသွယ် မရရှိသည်မှာ တစ်လနီးပါးခန့်ရှိနေပြီဖြစ်သဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟုဆွေမျိုးတော်စပ်သူတစ်ဦးက ပြောဆိုသည်။
“ ဖမ်းခံရတာက မေ ၂၇ ရက်နေ့မှာ ပြည်ဂိတ် န၀ဒေးတံတားမှာ ဖမ်းဆီးခံရပါတယ်။ ပွဲစားက မောင်လူကြီးပါ။ တစ်ရွာတည်းနေသူပါ။ ငွေ ၁၆ သိန်းနဲ့ ရန်ကုန်ကို ပို့တာပါ။ ကားသမားနဲ့ ပွဲစားတွေက စစ်တပ်လက်ကို အပ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
၎င်းနောက် သူ့အား အတင်းအဓမ္မပြည်သူ့စစ်မှုထမ်းရန် ခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောဆိုသည်။
ကိုနေဇော်ထက်မှာ ကလေး ၃ ယောက်၏ ဖခင်ဖြစ်ကြောင်း သိရသည်။