Preview

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သူ၏ “သူပုန်ဖြူ”စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်းထံ လက်ဆောင်ပေး

မောင်စာဂ | ဇွန် ၂၃/ ၂၀၂၅ | ကြည့်ရှုသူ :716
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၃/၂ဝ၂၅

အာရက္ခတပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သူ၏ လောလောလတ်လတ်ထွက်ရှိထားသော “သူပုန်ဖြူ”ကဗျာစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း(ခေါ်) Kim Aris ထံ လက်ဆောင်အဖြစ်ပေးပို့လိုက်သည်ဟု သိရသည်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကကျင်းပသော ဒေါ်အေ င်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်နေ့မွေးနေ့ဆုတောင်းပွဲတွင် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အဆိုပါစာအုပ်ကို သူ၏ သူငယ်ချင်းအသိမိတ်ဆွေမှတဆင့် ကိုထိန်လင်း(ခေါ်) Kim Aris ထံ လက်ဆောင်အဖြစ်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“သူငယ်ချင်း အသိမိတ်ဆွေကတဆင့် ပို့ခိုင်းလိုက်တာပါ”ဟု ပြောသည်။

ယင်းသို့ လက်ဆောင်အဖြစ်ပေးပို့ခဲ့မှုအပေါ် ကိုထိန်လင်း(ခေါ်) Kim Aris က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

blob

ကိုထိန်လင်း(ခေါ်) Kim Aris သည် ယင်းနေ့ကပြုလုပ်သော မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NU)၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာ၊ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို၊ ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ဝန်ကြီးဟောင်း Mr Paul Scully တို့နှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ဆောင်ပေးပို့လိုက်သော "သူပုန်ဖြူ" ကဗျာစာအုပ်သည် ပြီးခဲ့သည် မေလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် အခြား နိုင်ငံအချို့တွင် ဖြန့်ချိရောင်းချနေသည်ဟု သိရသည်။

အဆိုပါစာအုပ်တစ်အုပ်လျှင် မြန်မာငွေ ကျပ်ခုနှစ်သောင်းသတ်မှတ်ထားပြီး ပြည်ပရောက်သူများဝယ်ယူနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ နိုင်ငံအလိုက် ဈေးနှုန်းသတ်မှတ်ပေးထားသည်ဟု သိရသည်။

အဆိုပါစာအုပ်ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကိုလည်း စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါပေးဆပ်စွန့်လွှတ်ထားရသည့် တော်လှန်ရေးရဲဖော်တိုင်းအား အချိုးကျ မျှဝေကူညီမည်ဟု ဒေါက်တာညိုထွန်းအောင်က ဆိုထားသည်။

စာအုပ်ပါကဗျာများကို ရခိုင်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားပြီး ကဗျာပုဒ်ရေ ၄ဝ ခန့်ပါဝင်သည်ဟုလည်း သိရသည်။

အဆိုပါကဗျာများမှာ တော်လှန်ရေးကာလဖြတ်သန်းခဲ့ရသည့် စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးစသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါကဗျာစာအုပ်ကို လေလံလည်း တင်ထားပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့် အမြင့်ဆုံးဈေးကို ရောက်ရှိနေပြီဟုလည်း “သူပုန်ဖြူ” ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြထားသည်။

ဓာတ်ပုံ - Burma Vj

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.