Preview

AA က စစ်မှုထမ်းဥပ‌ဒေထုတ်ပြန်ပြီးနောက် ရာနှင့်ချီသည့်လူငယ်များ စစ်သင်တန်းတက်ရန် ဝင်ရောက်မှုများပြားလာ

သဉ္ဇာနွယ် | ဇွန် ၂၃/ ၂၀၂၅ | ကြည့်ရှုသူ :1088
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၃/၂၀၂၅

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA)က စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ရာနှင့်ချီသည့်လူငယ်များ စစ်သင်တန်းတက်ရန် ဝင်ရောက်မှု များပြားလာနေကြောင်း သတင်းရရှိသည်။

AA ထိန်းချုပ်ထားသည့်မြို့နယ်များမှ လူငယ်၊ လူလတ်ပိုင်းအရွယ်များမှာ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် AA ထံစစ်သင်တန်းတက်ရောက်ရန် တက်တက်ကြွကြွလာနေကြသည်ကို မြင်တွေ့ရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နှင့်နီးစပ်သူအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကိုယ့်နေရာနဲ့ကိုယ် လာတက်ကြတာရှိပါတယ်။ (၄၅)ရက်တာသင်တန်းပေါ့။ ဒီအမျိုးသားကာကွယ်‌ရေးပြဋ္ဌာန်းချက်မထုတ်ခင်ကလည်း လာတက်ကြတဲ့သူ‌တွေရှိပါတယ်။ ဒါက နိုင်ငံတိုင်းမှာရှိတဲ့ ဥပဒေပါ။ တက်ချင်သူရှိသလို မတက်ချင်ဘဲ စိုးရိမ်နေကြတဲ့သူတော့ အနည်းနဲ့အများရှိကြပါတယ်။ ဒါကတော့ သူတို့ရဲ့ခံယူချက်နဲ့ သူတို့ပေါ့" ဟု ပြောသည်။

AA ထုတ်ပြန်ထားသော အမျိူးသားကာကွယ်ရေးအမျိုးသားကာကွယ် ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို အပြည့်အဝထောက်ခံလျက် သူတို့စိတ်သဘောထားဆန္ဒဖြင့် လွတ်လပ် ပျော်ရွှင် တက်ကြွစွာ စစ်သင်တန်းတက်ရန် ချီတက်လာကြသော မောင်တောမြို့နယ်နှင့် တောင်ကုတ်မြို့နယ်မှ လူငယ်များ၏ ရုပ်သံဖိုင်များကိုလည်း ယမန်နေ့ ဇွန်လ ၂၂ ရက်တွင် AA ၏ မြေပြင်သတင်းမီဒီယာများက ထုတ်ပြန်ဖော်ပြထားကြသည်။

blob
အမျိူးသားကာကွယ်ရေးအမျိုးသားကာကွယ်‌ရေး ဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို AA က ပြီးခဲ့သည့်မေလအတွင်းက ထုတ်ပြန်ခဲ့သည်။

အာရက္ခပြည်သူလူလူထုတစ်ရပ်လုံးပါဝင်ခြင်းဖြင့် အမျိုးသားကာကွယ်ရေးတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်၊ တစ်မျိုးသားလုံး တက်ကြွစွာပါဝင်ခြင်းဖြင့် အာရက္ခတိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိန်းကာကွယ်နိုင်ရန်၊ အာရက္ခတိုင်းပြည်၏ ပြည်တွင်းပြည်ပ အန္တရာယ်အရပ်ရပ်ကို ကာကွယ်တားဆီးခြင်းအားဖြင့် အာရက္ခဒေသနေ လူမျိုး၊ ဘာသာတိုင်း စည်းလုံးချစ်ခင်စွာပါဝင်သော အမျိုးသားကာကွယ်ရေးစနစ်တစ်ခုကို ထူထောင်နိုင်ရန်နှင့် အာရက္ခတိုင်းပြည်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းမြှင့်တင်ရာတွင် နိုင်ငံသားတိုင်း တူညီသော တာဝန်နှင့် အခွင့်အရေးများကို ခံစားခွင့်ရရှိစေရန်စသည့် ရည်ရွယ်ချက်လေးရပ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါပြဋ္ဌာန်းချက်အရ တစ်အိမ်ထောင်လျှင် လူတစ်ဦးနှုန်းဖြင့် အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းကို ၄၅ ရက်တာ စစ်သင်တန်းတက်ရောက်ရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

NDEP ပြဋ္ဌာန်းချက်အရ သာသနာ့ဝန်ထမ်းများ၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ ရောဂါတစ်ခုခုရှိနေသည်ဆိုသည့် အာရက္ခတပ်တော်ဆေးအဖွဲ့က သတ်မှတ်ခြင်းခံရသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးမွေးကာစ သို့မဟုတ် ကလေးနှစ်နှစ်အထိ မိခင်များ၊ ကိုယ်လက်အင်္ဂါတစ်ခုခု ရာသက်ပန် မသန်စွမ်းသူများနှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဗဟိုနှင့် အာရက္ခတပ်တော် စစ်ရုံးချုပ်က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုသူများတို့သည် စစ်မှုထမ်း လုံးဝ ကင်းလွတ်ခွင့်ရှိသည်ဟုလည်း ဖော်ပြထားသည်။

blob
စစ်တွေမြို့နယ်မှ ရခိုင်လူငယ်တစ်ဦးက "ကိုယ့်နိုင်ငံလွတ်လပ်ဖို့အတွက် အချုပ်အခြာအာဏာပိုင်နယ်မြေတခု၊ လွတ်လပ်တဲ့နေမြေတစ်ခုပိုင်ဆိုင်ရဖို့ဆိုရင် စွန့်လွှတ်သင့်တဲ့အရာတွေကို စွန့်လွတ်ရမယ်။ တာဝန်ယူသင့်တဲ့အရာတွေကိုလည်း တာဝန်ယူရမယ်။ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဖက်ဖက်က ကိုယ်တတ်နိုင်သလောက် ကိုယ်ကာကွယ်ရဖို့ ထမ်းဆောင်ရဖို့တာဝန်ရှိတယ်။ နိုင်ငံသားတစ်ယောက်‌ကောင်း ပီသဖို့လိုတယ်လို့မြင်မိပါတယ်" ဟု ပြောသည်။

ရခိုင်ဒေသအတွင်း စစ်မှုထမ်းရမည့်သတင်းများကြောင့် လူငယ်၊ လူလတ်တချို့ ပြည်မဖက်သို့ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ခွာကြမှုများရှိခဲ့ပြီး လမ်းတွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းအပြင် ရန်ကုန်တွင်လည်း ဖမ်းဆီးခံရကာ စစ်ကောင်စီ၏ ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ခံရမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်မြို့မှ အမျိုးသားတစ်ဦးက "တဖက်ကကြည့်ရင်လည်း ကိုယ့်ပြည်နယ်လွတ်လပ်ဖို့အတွက် ကိုယ့်လူမျိုးကပဲ ကာကွယ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် တဖက်မှာတော့ ကျနော့်မှာသမီးဆိုရင်လည်း သူရန်ကုန်မှာကျောင်းဆက်တက်ချင်တယ်။ တက္ကသိုလ်သင်တန်းပေါ့။ ဒါပေမယ့် အခု သွားလို့မရတော့ဘူးလေ။ ဟိုကိုသွားရင် ဟိုကဖမ်း။ ဒီကထွက်မယ်ဆိုလည်း ထွက်လို့မရတဲ့အနေအထားဖြစ်နေပြီ။ သားသမီးရဲ့အနာဂတ်အတွက်တော့ ဆုံးရှုံးမှုတခုပေါ့။ တချို့လူငယ်တွေသွားတက်ကြတာတော့ ဝမ်းသာပီတိတော့ဖြစ်မိပါရဲ့"ဟု နိရဉ္စရာကိုပြောသည်။

လက်ရှိတွင် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်ရှိ မြို့နယ်များမှ ဒေသခံပြည်သူများကို မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် မိမိရပ်ရွာလုံခြုံရေး ကာကွယ်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကိုပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်းမှ ရာနှင့်ချီသော မြိုလူငယ်များသည် အာရက္ခပြည်တည်ဆောက်ရေးတွင်ပါဝင်ပြီး AA ထံတွင်စစ်မှုထမ်း၍ ရပ်ရွာကာကွယ်မည်ဟုဆိုကာ အာရက္ခနိုင်ငံတော်အလံကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - APM
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#နိုင်ငံရေး#AA#စစ်မှုထမ်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.